သေခြင်းဟူသောတရားသည် မွေးဖွားခြင်းနှင့် အတူ ယှဉ်တွဲ၍ ပါလာသောကြောင့် တခါတရံ၌ သေမင်းသည်သူ၏ တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရန် တချို့သောသက်ရှိသတ္တဝါများအား မထင်မှတ်သောအချိန်၌ လောကကြီးမှ ရုတ်တရက် ခေါ်ဆောင်သွားတော့သည်။
သာယာလှသော စမ်းချောင်းလေးအသွင်ဖြစ်နေသော ရေခမ်းစပြုနေ၍ ဒူးခေါင်းမျှသာ ရေရှိသောချောင်းတလျောက် ကျွန်ုပ်သည် အပူအပင်ကင်းစွာ တလှမ်းခြင်းလျှောက် နေလေသည်။
ကြည်လင်သောရေထဲ ကူးခတ်နေကြသော ငါးကလေးများအား ကြည့်ရင်းမြို့ပြတွင် ဘယ်လိုမှမရနိုင်သော ခံစားမူအား အပြည့်အဝ ရယူနေတော့သည်။ ကြည်နူးနေသော ကျွန်ုပ်၏ စိတ်အား ခြေထောက်ဆီမှ တဖြည်းဖြည်း အေးခဲလာသော အသိစိတ်က နှောက်ယှက် ဖျက်ဆီးလေတော့သည်။ ထိုစဉ် မမျော်လင့်သော ချောင်းဖျားဆီမှ အလုံးလိုက်အရင်းလိုက် စီးဆင်းလာသော ရေများသည် ကျွန်ုပ်၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားတော့သည်။
ကျွန်ုပ်သည် အိပ်ပျော်နေရာမှ ကြောက်စရာကောင်းသော အိမ်မက် ကြောင့် “ဝုန်း” ကနဲ
ထထိုင်လိုက်တော့သည်။ ကျွန်ုပ်၏ ညီဝမ်းကွဲတော်စပ်သူ ကိုဖြိုးလည်း ကျွန်ုပ်၏အလန့်တကြား
ထထိုင်ခြင်းကြောင့် အိပ်နေရာမှ နိုးသွားလေတော့သည်။ သူသည် နားအလွန်ပါးသောသူလည်းဖြစ်သည်။
“ဘာဖြစ်လို့လဲ ကိုကြီး”
“ ဘာမှမဟုတ်ပါဘူး အိမ်မက်ကြောင့် လန့်နိုးသွားတာပါကွာ ဟေ့...ကိုဖြိုး မင်းမချမ်းဘူးလား
ငါကိုယ်တော့ အေးစက်နေတာပဲ”
“ဟုတ်တယ် ကိုကြီး ”
နွေရာသီတွင် ဤမျှလောက် အေးစက်နေခြင်းအား အံအားသင့်မိတော့သည်။ ထူးဆန်းပေသော ပဲခူးရိုးမ ပါလားဟုလည်းမှတ်ချက်ချမိတော့သည်။
“ကိုဖြိုး ငါအပေါ့ သွားမလို့ မင်းလိုက်မလား”
“အင်း...သွားလေ”
ကျွန်ုပ် သည်ဆီးသွားချင်သောကြောင့် ကိုဖြိုးအား အဖော်ညှိလေသည်။ အဘယ်ကြောင့်ဆိုသော် တခါမှ မရောက်ဘူးသော အရပ်ဒေသ ဖြစ်ခြင်း ပဲခူးရိုးမတောအတွင်း ပထမဆုံး အိပ်သောည ဖြစ်ခြင်းနှင့် ကိုဖြိုးသည် နည်းနည်း ကြောက်တတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် တဲပေါ်မှဆင်းမည်ဟု ဟန်ပြင်လိုက်စဉ် ကိုဖြိုးသည် သတိပေးလေတော့သည်။
“ကိုကြီး မဆင်းနဲ့ အုံး တဲအောက်က တရှဲရှဲအသံကြားတယ်”
ကျွန်ုပ် သည်နားစွင့် ကာနားထောင်ကြည့်မှ ရှဲရှဲ... ရှဲရှဲ ဟူသော အသံသည် တိုးရာမှ ပီပီသသကြားလာရပြီး ကျွန်ုပ်တို့ ဆီ ဦးတည်လာနေသည် ကိုသိရတော့ သည်။
ကျွန်ုပ်သည် လက်အတွင်းအသင့် ရောက်နေပြီဖြစ်သော လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်ရာ အလွန်ကြီးသော ကင်းခြေများတစ်ကောင်သည် တဲအောက်မှ ထွက်လာသည်ကို တွေ့ ရတော့သည်။ ကျွန်ုပ်သည် ခဏတာမျှ မှင်တက်သွားလေသည် ။ ထို့ နောက် တဲအောက်သို့ ခုန်ဆင်းကာ လက်ထဲမှ ဓါတ်မီးဖြင့် ကင်းခြေများ၏ ခေါင်းအားထုလိုက်တော့ သည်။ ကင်းခြေများသည်ကား ခွေလိပ်ကာ ညိမ်သက်သွားတော့သည်။ကျွန်ုပ်၏ မဆင်မခြင်လုပ်ရပ်ကြောင့် အပြစ်မဲ့ သတ္တဝါတခု လောကကြီးမှ
ထွက်ခွာသွားရတော့သည်။
ထိုအခါမှ အိပ်ပျော်နေကြသော ကျွန်ုပ်၏ ဦးရီးတော်သူ ဦးအောင်၊ ကျွန်ုပ်၏ သူငယ်ချင်း နိုင်ဝင်း နှင့် ကိုကျော်နိုင် တို့ နိုးလာပြီး ဘာဖြစ်နေတာလဲဟုမေးလေသည်။ ကျွန်ုပ်လည်း သေနေသော ကင်းခြေများအား ဓါတ်မီးနှင့် ထိုးပြလိုက်ရာ အိပ်ချင်မူးတူးဖြစ်နေသော သူတို့ သုံးယောက်သည် မျက်လုံးပြူးကုန်တော့ သည်။ ကင်းခြေများသည် အရှည် တစ်ပေခွဲကျော်ကျော် ၊ ကိုယ်လုံးဗျက်ကား နှစ်လက်မနီးပါးစီးကရက်ဘူးခွံနီးနီးကြီးမားသောကြောင့်ပင်တည်း။
ကျွန်ုပ်တို့ အားလုံးလည်း ဆက်၍မအိပ်တော့ဘဲ အနီးအနားတောစပ်မှ တွေ့ ရာ သစ်ကိုင်းခြောက်များအား ကောက်ယူပြီး မီးဖိုကာ မီးလုံရင်း လုပ်ငန်းအကြောင်းအားဆွေးနွေး
ကြတော့သည်။ ကျွန်ုပ်သည် ဦးလေးတော်စပ်သူ ဦးအောင်အဆွယ်ကောင်း၍ သုံးဆယ် ဆည်စီမံကိန်း တွင် လုပ်ကွက်တချို့အား ကန်ထရိုက်ယူလိုက်သည်။
စာကြွင်း။ ။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုသုံးဆယ်ဆည် စီမံကိန်းအား လာရောက်ကြည့်ရူ့
စစ်ဆေးခဲ့ဘူးသည်။
ကျွန်ုပ်၏ လုပ်ကွက်သည် သာယာဝတီမြို့မှ မိုင်နှစ်ဆယ်ခန့် ဝေးသော ပဲခူးရိုးမ၏အစပ်တွင် ဖြစ်၏။ ယာယီရုံးအဖြစ် တဲအိမ်အကြီးကြီး တစ်လုံးအား ရိုးမတောအား ကျောပေးကာ ဆောက်ထား၏။ ရုံး၏မျက်နှာစာတွင်ကျွန်ုပ်၏ လုပ်ကွက်ရှိလေသည်။ လုပ်ကွက်၏ရှေ့တွင် လယ်တောများရှိသည်။ ထိုလယ်တော၏ အလွန်တွင်မှ ရွှေလောင်းဟု ခေါ်သော ကျေးတောရွာ ရှိလေသည်။ ကျွန်ုပ်သည် ထိုဆည် စီမံကိန်း၏ ရေပေးဝေရေး စနစ်ဖြစ်သောလက်ဝဲရေလွှတ်မြောင်းအားဆောက်လုပ်ရန်ဖြစ်ပေသည်။
အကျယ် ပေ ၁၂၀ ၊အနက် ပေ ၃၆ ရှိသော မြောင်းကြီးဖြစ်ပေသည်။ မြောင်းသည် ထိုလယ်ယာများ
အားဖြတ်၍ ဖေါက်လုပ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ၏ ကပ်လျက်မနီးမဝေးတွင် ကုမ္ပဏီတခု လည်းလာရောက်လုပ်ကိုင်နေသည်။ ပေနှစ်ထောင်မျှ ဝေးသောနေရာတွင် လည်း နောက်ထပ်
အဖွဲ့ တခုလည်းရှိ၏။ ထိုသူများအားလုံးကို ကျွန်ုပ်သည် သွားရောက်မိတ်ဖွဲ့  ထားလိုက်သည်။
ကျွန်ုပ်တို့ လည်း ငှားရမ်းထားသော စက်ကြီးများဖြင့် လုပ်ငန်းအား စတင်သည်တွင် ဒေသခံ လယ်သမားတချို့သည် ကျွန်ုပ်အား လာရောက် တောင်းပန်ညှိနိုင်းလေသည်။ လယ်ယာများတွင် နွေရာသီ သီးနှံဖြစ်သော မတ်ပဲများ စိုက်ပျိုးထားကြသည်။ သူတို့အား ရိတ်သိမ်းခွင့် ပေးရန် အချိန်အနည်းငယ် စောင့်ဆိုင်းပေးရန် လာရောက်ပြောဆို ကြတော့သည်။ ကျွန်ုပ်လည်း ထိုသူများအဆင်ပြေစေရန် ဆောင်ရွက်ပေးလိုက်တော့သည်။ ထိုရွာခံများ သည်အလွန်ပင် သနားစရာကောင်းလှတော့သည်။ တချို့သော လယ်သမားများသည် သူတို့၏လယ်ယာများသည် ရေလွှတ်မြောင်းနှင့်မလွတ်သော ကြောင့် လယ်ယာမဲ့များဖြစ်ကုန်တော့သည်။
မည်သည့်နစ်နာကြေးမှ မရရှိကြပေ။ စနစ်တခုတွင် သားကောင်ဖြစ်ကြရတော့သည်။
ထို့ နောက် ကျွန်ုပ်တို့ လည်း လုပ်ငန်းအား လုပ်ကိုင်နေစဉ် ဒေသခံ ရွာသားများနှင့် လည်း
ရင်းနှီးလာတော့သည် ။ ထိုရွာခံများထဲမှ ကိုနိုင်ဟု ခေါ်သော မုဆိုးတစ်ယောက်နှင့်  ခင်မင်လာတော့သည်။ ကျွန်ုပ်တို့ လည်း ကိုနိုင်အား ကိုတွက်ပီ ဟူ၍ပင် ခေါ်ကြသည်။ ကိုနိုင် ရလာသော သားကောင်များအား ကျွန်ုပ်သည် အမြဲပင် ဝယ်ယူရင်း တစတစ ရင်းနှီးလာတော့သည်။ ထိုသူသည် အလွန်ရိုးသား သူလည်းဖြစ်ပေသည်။ ကိုတွက်ပီသည် ဒူးလေးကို သုံး၍ အမဲလိုက်၏။ တခါတရံ ကျွန်ုပ်သည် သူအမဲပစ်သည် ကိုအဖော်လိုက်သွားတတ်သည်။
တစ်ရက်၌ ကိုတွတ်ပီသည် ထူးဆန်းသော အမတေများ အကြောင်းပြောလေသည်။ သူပြောပြ သည်များ၌ ဂျိုးအမတေ၊ ချေ တစ်ပင်တိုင်ချို ၊ ရေဆင်စသည့် ကာယသိဒ္ဓိ အစွမ်းထက်သော အဆောင်များ အကြောင်းဖြစ်လေသည်။ သူ၏မိတ်ဆွေများ ထံ၌ ထိုအရာများရှိကြောင်း ဝယ်လက်ရှိက
ရောင်းလိုကြောင်းပါ ပြောလေသည်။ ကျွန်ုပ်မှာ စိတ်မဝင်စားသော်လည်း ဦးအောင်မှာ စီးပွားရေးသမား
ပီသစွာ အကျိုးအမြတ်များစွာ ရနိုင်ကြောင်း တွေးကာ ထိုအရာများအား သူကြည့်လိုကြောင်း၊ အတုအစစ် ခွဲခြားစမ်းသပ်လိုကြောင်း ပြောလေတော့ သည်။ အတိုချုပ်ဆိုရသော် ထိုအရာများစမ်းသပ်
ရန် ကျွန်ုပ်အား သေနတ်ရှာရန်တာဝန် ပေးတော့သည်။ ထိုကြောင့် များမကြာမှီအချိန်၌ ကျွန်ုပ် ၏လွယ်အိတ်အတွင်း၌ သေမင်း၏တမန်တော် ကိုးမမပစ္စတို တစ်လက်ရှိနေ လေတော့သည်။
တစ်နေ့သော ညနေခင်း၌ ကျွန်ုပ်တို့ သည် ရုံး၏ ညာဘက် တစ်ခေါ်သာသာတွင် ရှိသော လျိုအတွင်း ရှိချောင်းထဲ ၌ ရေဆင်းကူးကြသည်။ ထို ချောင်းနံဘေး တွင် သဘာဝအတိုင်း ပေါက်နေသော ဝါးတောများ နှင့်  လူများစိုက်ထားသော ငှက်ပျောတောလေးလည်း ရှိလေသည်။ ကျွန်ုပ် သည် ရေကူး ကျွမ်းကျွင်သူ မဟုတ်၍ ခဏပင်ရေ ထဲ၌ နေပြီး ကုန်းပေါ်သို့ တက်ကာ ဆပ်ပြာတိုက်လေသည်။ တင်ပါးသို့  လက်အရောက်တွင် ကျွန်ုပ်မှာ လန့်အော်မိတော့သည်။
“ ဇော်ထက် ဘာဖြစ်လို့ လဲ”
“ အား... ဟေ့ ကောင်တွေ ငါ့ ကူကြပါအုံး ငါ့ဖင်ပေါက်ဝမှာ ဘာကြီးလဲ မသိဘူး”
ကျွန်ုပ်မှာ ကြောက်လန့်တကြားဖြင့် ဂျင်းဘောင်းဘီအတို အားချွတ်လိုက် တော့သည်။
ကိုကျော်နိုင် သည် အရင်ဆုံး ကျွန်ုပ်အနား ရောက်လာတော့သည်။ သူသည် ကျွန်ုပ်အားကြည့်ကာ
လှောင်ရယ်တော့သည်။
“ဟား ဟား မျှော့ တွယ်နေတာပါကွာ ဘာမှမဖြစ်ပါဘူး”
ကျန်သူများအား လုံးလည်း ကျွန်ုပ်၏ အဖြစ်အားကြည့်ကာ ဝိုင်းရယ်နေကြတော့သည်။ ခေါင်းမှ ဆပ်ပြာရည်များ ကလည်းမျက်လုံးထဲ ဝင်၍ မျက်စိ ကလည်းစပ် ၊ ဖင်ထဲ သို့ မျှော့ဝင် သွားမည်ကို လည်းကြောက်သောကြောင့်  ကိုယ်တုံးလုံးကျွတ်နှင့် ခုန်စွခုန်စွ ဖြစ်နေတော့သည်။
ကိုကျော်နိုင်ပင် ထိုမျှော့ အား ဆွဲခွာပေး၏။ တစ်လက်မခန့် ဗျက်ရှိ၍ အရှည်မှာ လက်တစ်ထွာကျော်ကျော်မျှ ရှိလေသည်။ ကျွန်ုပ်လည်း ထိုမျှော့အား ဒေါသထွက်လှသောကြောင့် 
တုတ်ဖြင့်ထိုးကာ အတွင်းနှင့် အပြင်အား ပြောင်းပြန်လှန်ကာ မြေတွင်စိုက်ထားလိုက်တော့ သည်။
ထို့ နောက် ရေအားကုန်းပေါ်မှပင် ခွက်နှင့်ခပ်ချိုးပြီး ပြောင်းပြန်လှန်ထားသော မျှော့အား သစ်ရွက်ခြောက်များ ပုံကာမီးရို့ လေတော့သည်။
ထိုနောက် ကျွန်ုပ်တို့ အဖွဲ့ လည်း ရုံးသို့ ပြန်လာပြီး ညစာစားကြတော့ သည်။ စားပြီးသည့်နှင့် အနားယူရင်း စကားဝိုင်းဖွဲ့  ပြောနေကြတော့သည်။ ညရှစ်နာရီ ခွဲ ကျော်ကျော်ခန့်တွင် ချောင်းဘက်ဆီမှ
တဖြောင်းဖြောင်း တဒိုင်းဒိုင်းဖြင့် တောမီးလောင်သံများ စတင်ကြားရတော့ သည်။ ကျွန်ုပ် ရို့ခဲ့သောမီးမှ စတင်ကာတောမီးလောင် လေတော့သည်။ ထိုတောမီးသည် ဝါးရုံတောများ ငှက်ပျောတောများအား ဝါးမြိုသွားတော့ သည်။ ကျွန်ုပ်တို့  ရုံးသည်လည်း လေအောက်တွင် ရောက်နေသောကြောင့် မီးခိုးနံ့ များ ပြာမူန်များနှင့် မွှန်ထူနေတော့သည်။ ငှက်ပျောသီး
မီးသင်းနံ့ များလည်း တတောလုံးသင်းပျံ့ နေတော့သည်။ တောမီးသည် ဆယ့်တစ်နာရီခန့်တွင် မီးညွှန့်ကျိုးသွားတော့သည်။ ကျွန်ုပ်၏ အဖွဲ့သားများလည်း တချို့အိပ်ယာဝင်လေသည်။ ကျွန်ုပ်၊ ကိုကျော်နိုင်နှင့် အလုပ်သမားတစ်ယောက်သာ မီးဖိုထားသော မီးပုံဘေးတွင် ရေနွေးကြမ်းသောက်ရင်း
ရောက်တတ်ရာရာများ ပြောနေကြသည်။
ထို့သို့စကားပြောနေရင်းမှ ကျွန်ုပ်သည် အဝေးဆီမှ ဆင်အော်သံများ ကြားရလေသည်။
“ ကိုကျော်နိုင် ...နားထောင်စမ်း ဆင်အော်သံဗျ”
“ဟုတ်တယ် စက်သံတွေလည်းကြားရတယ်” ဟု ကိုကျော်နိုင်မှ ပြန်ဖြေလေသည်။
ကျွန်ုပ်လည်း ရုံးရှေ့တွင် ရှိသော အုန်းနှဲပင်ပေါ် တွင်ရှိသော လင့်စင်ပေါ် သို့တက်ကာ ကြည့်တော့သည်။ ကျွန်ုပ်တို့နှင့် ပေနှစ်ထောင်မျှဝေးသော နေရာတွင်ရှိသော အဖွဲ့ထံသို့
တောဆင် ဝင်နေခြင်း ပင်တည်း။ ကျွန်ုပ်လည်း အပင်ပေါ်မှ ဆင်းပြီး အိပ်ပျော်နေသူများအား လိုက်နိုးရတော့သည်။
ကျွန်ုပ် လည်း ကိုကျော်နိုင်နှင့် အလုပ်သမား ငါးယောက်အားခေါ်ကာ ထိုအဖွဲ့ဆီသို့ ကူညီရန် အပြေးသွားရတော့သည်။ ကျွန်ုပ်သို့ ရောက်သွားချိန်တွင် တွေ့ရသော မြင်ကွင်းကား အလွန်မှ ကြောက်လန့် သွေးပျက်ဖွယ် ကောင်းလှတော့ သည်။ ဆင်တစ်ကောင်သည် မြေပေါ်တွင် တုံးလုံးလဲနေလေသည်။ ထိုလဲနေသော ဆင်အား Excavator ဟုခေါ်သော မြေတူးစက်အား မောင်းသူသည် စက်ပေါ်တွင်ရှိသော Cabin ခန်းအတွင်း ထိုင်နေပြီး ထိုသူသည် Bucket ဟုခေါ်သော အစွယ်များပါသည့်
မြေတူးသည့် ခွက်ဖြင့် ထိုဆင်၏ လည်ပင်းအား ထောက်ထားလေသည်။ ထိုဆင်မှာ ရုန်း၍မရပေ။ ထို့ကြောင့် ကြောက်မက်ဖွယ် ကောင်းအောင် အော်၍သာနေတော့သည်။ ထိုဆင်ဆီမှ သွေးများသည်လည်း မြင်မကောင်းအောင် ထွက်နေတော့သည်။ ထိုအဖွဲ့ ၏ ရှေ့ခပ်လှမ်းလှမ်း တောစပ်တွင် လည်း ဖွေးဖွေးဖြူနေ အောင် မြေမူန်များ လိမ်းကြံထား သော ဆယ်ကောင်ခန့် ရှိသော ဆင်ရိုင်းများလည်း နှာမောင်းများအား လေထဲသို့မြောက်ကာ တကျီကျီ အော်နေကြသည်။
ထိုနေရာသို့ ကျွန်ုပ်တို့ထက်အရင် ဦးစွာ ရောက်နေသော ရွာသားများ နှင့် ထိုအဖွဲ့သား များသည်
ဆူညံစွာ အော်ဟစ်၍လည်းကောင်း၊ မီးပုံအတွင်း သို့ အဆစ်ပိတ်ဝါးများအားထည့်၍လောင်ကျွမ်းစေခြင်း အားဖြင့် ထွက် ပေါ်လာသော ကျယ်လောင်သော ပေါက်ကွဲသံများကြောင့်လည်းကောင်း တောစပ်မှ ဆင်များသည် အနားသို့ မကပ်ဝံပေ။ ကျွန်ုပ် တို့အားလုံးလည်း အနီးအနားတွင် တွေ့သော ထင်းခြောက်များ ဝါးအစိုများအား မီးပုံအတွင်းသို့ ထည့်ပြီး မီးတောက်အား ကြီးမားအောင် ပေါက်ကွဲသံ
များအား ပိုထွက်အောင် ဖန်တီးကာဖြင့်လည်းကောင်း လူများကလည်း အော်ဟစ်၍ လည်းကောင်း ၊ ပေပါခွံ များအားထုနှက်ကာ တောစပ်မှဆင်များထွက်သွားအောင် ခြောက်လှန့် ကြရတော့သည်။
ဆင်များလည်း အော်၍သာနေသော်လည်း လူများထံသို့ မချဉ်းကပ်ပေ။ ကျွန်ုပ်အထင် ပြောရသော် စက်ဖြင့် ဖိထားသော ဆင်ဆီမှ မလာရန် အချက်ပေးလေသည်ဟု ထင်ရလေသည်။ ထို စက်ဖြင့်ဖိထားခံရသောဆင်သည် ခေါင်းဆောင်ဖြစ်ဟန်တူ လေသည်။ ထိုဆင်သည် သေမတတ် ငယ်သံပါအောင် အော်ဟစ်နေတော့သည်။ နောက်ဆုံး၌ ကျွန်ုပ်တို့ လည်း ထိုဆင်အား လွှတ်ပေးရန်
ဆုံးဖြတ်လိုက်ကြကာ လူများသည် ကျယ်လောင်သော အသံများဖြင့် ခြောက်လှန့်ကာ ဖိထားသော
Bucket အားမပေးလိုက်သည်တွင် ထိုဆင်သည် “ကျီ....”ဟုအသံရှည်အော်ကာ ဒယီးဒယိုင်ဖြင့် ထကာ သူ့အဖေါ်များ ရှိရာ တောအတွင်းသို့ ဝင်သွားလေတော့သည်။
ဆက်ရန်.....
1 comment:
တောတွင်း ဇာတ်လမ်းတွေ ကြိုက်တဲ့ ကျနော် အတွက်တော့ ပို့စ်ကောင်းလေး ဖြစ်လာတော့မယ်။ မုဆိုးဝတ္ထုတွေဆို ကြိုက်လို့ အမြဲ ဖတ်ဖြစ်တယ်။ ဆက်ရန်လေး မကြာခင်ဆက်ပါအုံးဗျာ။
Post a Comment