ကျွန်ုပ်တို့ လည်း ဆင်ရန်အေးသွားမှ ထိုအဖွဲ့၏ စက်ဆရာအား အကျိုးအကြောင်းမေးရတော့သည်။ထိုဆင်ရိုင်းအုပ်သည် တောစပ်တွင်ရှိသော ငှက်ပျောတောအား ဝင်ရောက်စားသောက်နေသည်ကို သူတို့အဖွဲ့မှ သိ၍ ထိုဆင်များ၏ အန္တရာယ်မှ ကာကွယ်ရန် စက်များအား အဆင်သင့် နိုးထားကြောင်း။ဆင်အုပ်ထဲမှ ထိုဆင်မှာ တောထဲမှ ထွက်လာပြီး စက်ဆီသို့ ရန်ပြုရန်ပြေးလာသည်ကို စက်ဆရာမှBucket အားလေထဲတွင် မြောက်ထားပြီး ဆင်သည်ခွက်အောက်သို့ ရောက် ချိန်၌ ဆင်၏ကိုယ်ပေါ်သို့ ခွက်အား စိုက်ချရာ ဆင်သည်မြေသို့ ဒူးတုပ်ကာလဲလေတော့၏။ ထိုနောက် ခွက်ဖြင့် ဆင်၏ခေါင်းအားထပ်ထုရာ ဆင်မှာ မြေသို့ဘုံးဘုံးလဲ လေတော့သည်။ ထိုနောက် Bucket တွင်ရှိသော အစွယ်များဖြင့် ဆင်၏လည်ပင်းအား ထောက်ကာဖိထားခြင်း ဖြစ်ကြောင်း ရှင်းပြလေတော့သည်။
ရွာခံလူများလည်း ထိုတောဆင်အန္တရာယ်မှာ နှစ်တိုင်းကြုံနေရကြောင်း။ တခါတရံ ရွာတွင်းသို့ပင် ဝင်ရောက်တတ်ကြောင်း ပြောလေတော့သည်။ တချို့မှာတောတက်သွားရင်း ဆင်နှင့်တိုးကာ အသက်သေဆုံးတတ်ပုံများ ပြောပြလေတော့သည်။ ကျွန်ုပ်တို့လည်း ဆင်များပြန်လာမည့်ပုံ မပေါ်သည်နှင့် ထိုလူများအား နူတ်ဆက်ကာ ကိုယ်နေရာသို့ကိုယ်ပြန်လာကြလေသည်။
ကျွန်ုပ်နှင့် ကိုကျော်နိုင်လည်း ဆင်ရန်စိုးရိမ်၍ မအိပ်ဝံ့ဘဲ စကားထိုင်ပြောရာ မိုးစင်စင်လင်း လေတော့သည်။ ကျန်လူများလည်း အိပ်ပျော်မည် မထင်ပါ။
ဤသို့ ဖြင့် ကျွန်ုပ်တို့အားလုံးသည် သွားသတိ လာသတိဖြင့် သတိကြီးစွာထား၍ နေရလေသည်။
ကျွန်ုပ်တို့သည် ထိုနေရာ၌ အနေကြာလာသည် နှင့်အမျှ ခင်မင်သော မိတ်ဆွေများလည်းတိုးပွားလာ
တော့သည်။ ဆည်မြောင်းဦးစီးဋ္ဌာနမှ အငယ်တန်း အင်ဂျင်နီယာများ သည် ကျွန်ုပ်တို့ တဲ၌သာ လာရောက်စု ရုံးနေတတ်ကြသည်။ ထိုအထဲမှ စိုးမိုးဆိုသော တစ်ယောက်မှာ အလွန်အစအနောက် သန်လေသည်။ သူမည်မျှ နောက်ပြောင်သနည်းဆို တစ်ရက်၌ သူသည် ကျွန်ုပ်တို့ဆီသို့ မျက်မှန်အနက်ကြီးတပ်ကာ ရောက်လာလေသည်။ ကျွန်ုပ် လည်းထမင်းချက် ဒေါ်သန်းသန်းအား ကော်ဖီဖျော်ရန်အတွက် ဓါတ်ဘူးယူလာပေးရန် လှမ်းပြောလိုက်သည်။ ထို ဒေါ်သန်းသန်း သည် အပျိုကြီး ဖြစ်ပေသည်။ အလွန်မှလည်း ရှက်တတ်သည်။ အလွန်တရာမှ လည်း အပြစ်တင်တတ် ကဲ့ရဲ့တတ် လေသည်။ သူမသည် ဓါတ်ဘူးအား လာရောက်ချ ထားပေးရင်း စိုးမိုးအား ကြည့်ကာ
“ ဟင်း ... အကန်းကြနေတာပဲ”
“အမ်... ဒေါ်သန်းသန်း ခင်ဗျားဘာပြောတယ် ပြန်ပြောလိုက်ပါအုံး ” ဟု ဒေါ်သန်းသန်းအား ခြေဆုံးခေါင်းဆုံး ကြည့်ကာ သူ၏ဦးခေါင်းအား အပေါ်မော့လိုက် အောက်စိုက်လိုက် လုပ်နေတော့သည်။
“နင့်ကို အကန်းနဲ့တူ တယ်လို့ပြောတာဟဲ့”
“ခင်းဗျားက ကျုပ်မျက်မှန်များ နယ်နယ်ရရမှတ်နေလား ။ ခင်ဗျားတို့ ဂျိမ်း(စ်)ဘွန်း ရုပ်ရှင် လည်းကြည့် ဘူးမယ် မထင်ပါဘူး ”
“ ဟဲ့ အကောင် ငါတို့ကို တောကဆိုပြီး အထင်သေးမနေနဲ့ သာယာဝတီမြို့ပေါ်က ငါ့တူမအိမ်မှာ
ကြည့်ဘူးတယ်ဟဲ့” ဟုဒေါ်သန်းသန်းသည် ပြန်ကာ ရန်ထောင်လေတော့သည်။
“ခင်ဗျား ကြည့်ဘူးတယ်ဆိုတော့ ရှင်းပြရတာပေါ့ အုတ်နံရံ တောင်ဖေါက်ပြီး မြင်ရတယ်ဆိုတာ
ဒီမျက်မှန်ပေါ့ ကျုပ်က ခင်ဗျားကို အသက်ကြီးလို့ သနားလို့ မကြည့်တာ ခင်ဗျား ရန်လာစလို့ ကြည့်ရသေးတာပေါ့ ”
ဟုဆိုကာ ဒေါ်သန်းသန်း၏ ခါးနေရာအား စိုက်ကြည့်နေတော့သည်။
ပြီးနောက် ဤသို့ဆက်ပြောသေး၏
“ ဟင်း ...ရေမချိုးတာ ဘယ်လောက်ကြာပြီလဲ မသိဘူး ချက်မှာလဲ ချေးတွေနဲ့
ပေါင်မှာလည်း ခြင်ကိုက်ဖုတွေလား ဝဲတွေလား မသိဘူး အနီဖုတွေနဲ့ အင်း....အရေးကြီးတဲ့ နေရာက ဖြစ်နေတာတွေ ပြောလိုက်ရမလား ”
ဒေါ်သန်းသန်းသည် သူမ၏ အရေးကြီးသောနေရာအား လက်ဖြင့်ယှက်၍ အုပ်ထားရင်း
“ဟဲ့ ..ငါ့မကြည့်ပါနဲ့ တော်... ဟဲ့မပြောနဲ့ လေ ....လုပ်ကြပါအုံးတော်”
ဟု အသံမျိုးစုံ ထွက်ကာ ထိုင်ရမလို ထရမလိုဖြစ်နေ ရင်းမှ ရွာဘက်ဆီသို့  ထွက်ပြေးလေတော့သည်။
ကျွန်ုပ်တို့ တစ်ဖွဲ့ လုံးလည်း ပြောရင်းရယ်မဆုံး ဖြစ်နေတော့သည်။ ကျွန်ုပ်လည်း ဒေါ်သန်းသန်းအား မနည်းရှင်းပြ၍ အတင်းလိုက်ခေါ်ရလေသည်။
မှတ်ချက်။ ။ ထိုမောင်စိုးမိုးသည် ထိုနှစ်၌ပင် ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်ကာ ထိုဒေသ၌
သေဆုံးခဲ့သည်။
ဤသို့ဖြင့် လုပ်ငန်းအား လည်ပတ်နေရင်းမှ သင်္ကြန်ကာလ ကျရောက်လာတော့သည်။ စက်အဖွဲ့မှ
အလုပ်သမားများ လည်းအခါကြီးရက်ကြီး ပိတ်ရက်မို့  အိမ်ပြန်ကုန်ကြသည်။ အစောင့်အဖြစ် ဝန်ထမ်းနှစ်ယောက်သာ ထားခဲ့လေသည်။ ကျွန်ုပ်တို့ အဖွဲ့တွင်လည်း ကျွန်ုပ်နှင့် ကိုကျော်နိုင်သာ ကျန်ခဲ့လေသည်။
မှတ်မှတ်ရရ သင်္ကြန်မိုးသည် အတက်နေ့ နံနက်ပိုင်းတွင် သည်းစွာရွာပြီး နေ့လယ်၌ နေသည် ကျစ်ကျစ်တောက် ပူတော့သည်။ မိုးတိတ်ချိန်၌ ကျွန်ုပ်လည်း မြောင်းကြီးတစ်လျောက် တူးထားသော နေရာများ မြေပြိုကြမည် စိုးသောကြောင့် လိုက်စစ်ဆေးရလေသည်။ ကျွန်ုပ် တဲသို့ပြန်လာသော အချိန်၌ ကိုကျော်နိုင်နှင့် အလုပ်သမားနှစ်ယောက်မှာ အိပ်နေကြလေသည်။ ကျွန်ုပ်လည်း စီးထားသောတောစီး လည်ရှည်ရာဘာ ဖိနပ်တွင် ကပ်နေသော ရွှံများအား ဆေးမည်ဟု တဲအနောက်ရှိ ရေတိုင်ကီသို့  သွားလေသည်။ ရေခပ်မည် အပြု၌ ကျွန်ုပ်၏ အကြည့်သည် တဲ အနောက်ရှိ တောတန်းသို့ ရောက်သွားပြီး ကျွန်ုပ်လည်း မှင်တက်သွားလေတော့သည်။ မြင်ကွင်းအတွင်း၌ တွေ့လိုက်ရသည်ကား တောထဲမှ ထွက်လာသော အစွယ်နှစ်ချောင်းအဖွေး သားနှင့် စွယ်စုံ ဆင်ကြီးပေတည်း။
“ကိုကျော်နိုင်၊ ဒေါ်သန်းသန်း ပြေးဟေ့ ပြေး...ပြေး.... အနောက်မှာ ဆင်ကြီးရောက်နေတယ်”
ကျွန်ုပ်လည်း ကျန်လူများအား အော်ဟစ်ကာ သတိပေးရင်း ပြေးနိုင်မှ လွတ်မည်ဟု
စဉ်းစားကာ တဲရှေ့ရှိ တူးထားသော မြောင်းကြီးအတွင်း ခုန်ချရတော့သည်။ ကျွန်ုပ်တို့တူးထားသော မြောင်းမှာ အတော်ပင် ရှည်လျားသောကြောင့် ရွှေလောင်းရွာသို့ သွားရန် လမ်းမရှိတော့ပေ။ ရွာနှင့် ပဲခူးရိုးမတောကြီး အကြား၌ ပေ ၁၂၀ ကျယ်သော မြောင်းကြီးသည် ကြားခံနေတော့သည်။
ကျွန်ုပ်လည်း မိုးရွာထား၍ ချောပြောင်နေသော မြောင်း၏နံရံအား လျှောစီးသကဲ့ သို့ ဖင်တရွတ်တိုက်ဆင်းကာ မြောင်း၏အောက်ခြေသို့ ရောက်သွားတော့သည်။ ကိုကျော်နိုင်သည် ကျွန်ုပ်၏ဘေး သို့ ရောက်လာချိန်၌ သူ့တွင် ပုဆိုးပါမလာတော့ ပေ ၊အတွင်ခံဘောင်းဘီလေးနှင့် ဖြစ်လေသည် ။ ဒေါ်သန်းသန်းလည်း ထိုအတူပင် ကျွတ်နေသော သူမ၏ ထမီအား ပြန်ပြင်ဝတ်ကာ ကတောင်းကြိုက်လေတော့သည်။ အလုပ်သမားနှစ်ယောက်လည်း တစ်ကိုယ်လုံးရွှံ များ ပေလူးလျက်ရောက် လာတော့သည်။ ထို့နောက် ကျွန်ုပ်တို့ အားလုံး အူယားဖားယား နှင့် ၄၆ပေ မြင့်သော မြောင်းနံရံအား တွယ်တက်ရတော့သည်။
မှတ်ချက်။ ။ မြောင်း၏တူးထားသော အနက်မှာ ၃၆ပေ ရှိ၍ တူး၍ထွက်လာသော မြေကြီးများအား
ဘောင်အဖြစ်ပြန်ဖို့ထားသည်မှာ ၁၀ပေအမြင့် ရှိလေသည်။
မြောင်း၏နံရံ များကား ရွှံများဖြင့် ချော်နေသောကြောင့် အပေါ်သို့ တက်သော်လည်း ပြန်၍ ချော်ကြနေတော့ သည်။ ကျွန်ုပ်တို့ အားလုံး မြောင်းပေါ်ရောက်၍ ဆင်အား ကြည့်လိုက်ရာ တဲဘက်အခြမ်း တွင် ရှိသော မြောင်းဘောင်၌ ရပ်နေလေသည်။ ကျွန်ုပ်လည်း ကျန်သူများအား လှမ်းပြောလိုက်လေသည်။
“ ကံကောင်းလို့ ဒီကောင်ကြီးမြောင်းထဲ ဆင်းမလိုက်လာလို့ နို့မို့ဆို သေပြီ”
ထိုအခါ ဒေါ်သန်းသန်း သည် ကျွန်ုပ်တို့အား ဆင်၏ခြေထောက်အား သေချာကြည့်ရန်ပြောလေသည်။
“ ဟင်.... သံကြိုးကြီး နဲ့ပါလား ”
ကျွန်ုပ်လည်း ထိုဆင် အားသေချာကြည့်မှ သဘောပေါက်တော့သည်။ ထိုစွယ်စုံဆင်၏ ညာဘက် ခြေထောက်၌ အလွန်ကြီးမားသော သံကြိုးရှည်ကြီးအား ချည်ထားလေသည်။ ထိုဆင်သည် သစ်ထုတ်လုပ်ရေး စခန်းမှ သစ်ဆင်ဖြစ်လေသည်။ ထိုသစ်ထုတ်လုပ်ရေးဆင် များသည် ကျွန်ုပ်တို့ လူသားများ ကဲ့သို့ပင် အလုပ်ပိတ်ရက်များ ရှိလေသည်။ ထိုဆင်သည် ပိတ်ရက်အဖြစ်တော ထဲ လည်ပတ်ခွင့် ရထားသောဆင်ပင်တည်း။ ထိုအခါမှ ကျွန်ုပ်တို့အားလုံး သက်ပြင်းချ နိုင်တော့သည်။
ကျွန်ုပ်တို့အားလုံး လည်း ရွှံများပေလူးနေသော တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထိုင်ရယ် နေကြတော့သည်။ ကျွန်ုပ်တို့ လည်းဆင်ကြီး တဲအနားမှ မခွာမချင်း မြောင်းဘောင်ပေါ်တွင် ရပ်နေရလေတော့သည်။
သင်္ကြန်လွန်၍ လုပ်ငန်းများပြန်စသည်နှင့် ကျွန်ုပ်သည် တဲကြီးအား ရွာဘက်ခြမ်းသို့ ရွေ့ရတော့သည်။ တစ်နေ့သော ညပိုင်း၌ ကိုတွတ်ပီသည် ကျွန်ုပ်တို့နှင့် ညစာလာစားလေသည်။ ညစာစားပြီးနောက် ကျွန်ုပ်တို့လည်း ရေနွေးကြမ်းသောက်ရင်း စကားဝိုင်းဖွဲ့နေကြသည်။ ထိုစဉ် ကျွန်ုပ် တို့တဲထိုးခဲ့သော အရင်နေရာဟောင်းတွင် ရှိသော ထိန်ပင်ပေါ်မှ တောက်တဲ့သည်
အလွန်ကျယ်လောင်သော အသံဖြင့် “တောက်တဲ.့....တောက်တဲ့”အော်နေတော့သည်။
ကျွန်ုပ်လည်း တောက်တဲ့အား ညည်းညူမိတော့သည်။
“အင်း ဒီတောက်တဲ့ အဆက်မပြတ်အော်လှချည်လား တော်တော်နားညည်းအောင်လုပ်တဲ့ကောင်ပဲ”
ကိုတွတ်ပီမှ ပြန်ဖြေလေသည်။
“ကိုဇော်ထက်.. ဘယ်တောက်တဲ့မဆို ရှစ်ခါအထိပဲ အော်တယ်..ကိုးကြိမ်အော်ရင် အဲဒီတောက်တဲ့က
အစွမ်းရှိတယ်ဗျ”
“ဟင် ဟုတ်လား ဘယ်လိုအစွမ်းရှိတာလဲ ...နေအုံးဗျ ကျုပ်လိုက်ရေလိုက်အုံးမယ်”
ကျွန်ုပ်တို့ စကားပြေနေ စဉ် ထိုတောက်တဲ့ မှ ထပ်အော်သဖြင့် ကျွန်ုပ်လည်း လိုက်ရေတွက် နေတော့သည်။ သူပြောသည်မှာမှန်နေသည်။ တောက်တဲ့သည် ရှစ်ကြိမ်အထိသာ အော်ပြီး ရပ်သွားလေသည်။
“ကိုတွတ်ပီ ရှင်းစမ်းပါအုံး ကိုးခါအော်ရင် စွမ်းတယ်ဆိုတာ ကျုပ်တို့ ဗဟုသုတရတာပေါ့”
ကိုကျော်နိုင်မှ စကားဝင်ထောက်ပေးလေသည်။
ကိုတွတ်ပီလည်း ရှင်းပြတော့သည်။
“ ကျုပ်လည်း ကြားဘူးတာ ပြန်ပြောတာနော် ခင်ဗျားတို့ ကြားဘူးမလားတော့ မသိဘူး
ယောနယ် ဘက်မှာ တချို့အိမ်တွေကို သွားလည်လို့ တချို့အိမ်ရှင်တွေက စနောက်ချင်လို့ပဲ
ဖြစ်ဖြစ် သူတို့ကို အထင်ကြီးစေချင်လို့ ပဲဖြစ်ဖြစ် ဧည့်သည်က ပြန်မယ်ဆိုပြီး ထတဲ့အခါ ထလို့
မရဖြစ်နေတာတို့ ဖင်မှာထိုင်ထားတဲ့ ဖျာကပ်ပါလာတာတို့ ဖြစ်တတ်တယ်ဗျ”
“ဟေ့လူ ကိုတွတ်ပီ ..ခင်ဗျားကို တောက်တဲ့အကြောင်းပြောပါဆို ဘာတွေလျောက်ပြောနေတာလဲ
ဘာစုန်းတွေ နတ်တွေလဲ ကျုပ်တို့အဲဒါတွေ အယုံအကြည်မရှိဘူး အရင်က ခင်ဗျားယူလာတဲ့ အမြုတေ
တွေလည်း ဘာစွမ်းလို့လဲ”
ကျွန်ုပ်၏ သူငယ်ချင်းနိုင်ဝင်း သည် ရေချိန်ကိုက်နေရာမှ ကိုတွတ်ပီအား ဝင်ရစ်နေသည်။
ကျွန်ုပ်လည်း နိုင်ဝင်းအား တိတ်တိတ်နေရန် ပြောရတော့သည်။
မှတ်ချက်။ ။ ကျွန်ုပ်နှင့် ရေဆင် အခန်းတွင် အမြုတေများ အကြောင်းဖော်ပြပါမည်။
“ဟေ့ကောင် လဒ မင်းတိတ်တိတ်နေစမ်းပါ ကွာ ..ကဲ ကိုတွတ်ပီ ဆက်ပြောပါအုံး”
“ ဒီလိုဗျ တောက်တဲ့ ကိုးခါနဲ့ အထက်အော်လို့ရှိရင် အဲဒီ တောက်တဲ့ နေတဲ့ အပင်ကိုသွားပြီး
အောက်ခြေကို တူးပြီးရှာရင် တောက်တဲ့ရဲ့ ဥတွေတွေ့ရမယ်။ အဲဒီဥကို ယူလာပြီး ဥကိုခွဲပြီး ဖျာမှာ
သုတ်ထားလို့ရှိရင် အဲဒီဖျာပေါ်ထိုင်မိတဲ့သူ ပြန်ထတဲ့အခါ ဖင်မှာဖျာ ကပ်နေရောတဲ့”
“ ဟုတ်ပါ့မလား ကိုတွတ်ပီရ” ကျွန်ုပ်လည်းသူ့အား မေးလေသည်။
“ခင်ဗျားမယုံ လက်တွေ့ စမ်းကြည့်ပေါ့ဗျာ”
“အင်း ..စမ်းဆိုလည်း စမ်းရတာပေါ့.. ဒါနဲ့ မသိလို့မေးရအုံးမယ် ကိုးခါအထိ မအော်တဲ့ အကောင်ရဲ့ဥ
ရော မစွမ်းဘူးလားဗျ”
“ဟုတ်တယ်မစွမ်းဘူး .. ကိုးခါတိတိ ဒါမှမဟုတ် ကိုးခါအထက်အော်မှ စွမ်းတယ်”
ကျွန်ုပ်လည်း သူ့စကားအဆုံး ၌ ပြုံးမိတော့သည်။ သူသည် မုဆိုးမီသစွာ သားကောင်များ၏ သဘာဝအား
သိပေသည်။ တောက်တဲ့၏ သဘာဝမှာ အလွန်ဆုံး အော်နိုင်မှ ရှစ်ကြိမ်ပင် ဖြစ်သည်။
ကျွန်ုပ်၏ အထင်ပြောရသော် တောက်တဲ့သည် အော်နေရင်းမှ အသက်ပြန်ရူရန် ခဏပြန်နားခြင်း ဖြစ်နိုင်ပေသည်။ ထိုကြောင့် ကိုးခါအော်သော တောက်တဲ့သည် ကြုံတောင့်ကြုံခဲ ပင်တည်း။
အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် တောက်တဲ့ အော်သံကြားတိုင်း လိုက်မှတ်ရာ အခုထိ ကိုးခါအော်သော တောက်တဲ့ မတွေ့ ဘူးသေးပါ။ကျွန်ုပ်တို့လည်း လေကန်နေကြရာမှ ကိုတွတ်ပီ သည် ပြန်ရန်ပြင်လေတော့သည်။ ကျွန်ုပ်လည်း လက်မှနာရီအား ကြည့်လိုက်ရာ ဆယ်နာရီတောင် ထိုးလုပြီ။ ကျွန်ုပ်တို့အဖွဲ့မှာ အိပ်ရာဝင် နောက်ကျသောကြောင့် မအိပ်ချင်သေး၍ ကိုတွတ်ပီအား ဆွဲထားလေသည်။
“အစောကြီးရှိပါသေးတယ် ကိုတွတ်ပီရာ အေးဆေးပေါ့ ဘာတွေလောနေတာလဲ”
“မနက် ကျုပ်တောတက်ဖို့ ရှိလို့ပါ”
သူသည် ပြန်ချင်လှ သော်လည်း ကျွန်ုပ်တို့ ဆွဲထားသဖြင့် ဆက်ထိုင်နေရသော်လည်း ဖင်တကြွကြွ
ဖြစ်နေတော့သည်။ ဤအရပ်၌ ညကိုးနာရီကျော်လျင် အားလုံးအိပ်ရာဝင် ကုန်၍ ရွာသည်တိတ်ဆိတ်နေ
တော့သည်။ ထိုသို့ ကျွန်ုပ်တို့ လေကန်နေကြစဉ် ကျွန်ုပ်တို့ ရေချိုးဆင်းသော ချောင်းဘက်ဆီမှ ကျယ်လောင်သော တောကောင်တစ်ကောင်၏ အော်သံအားကြားရတော့သည်။
“ဟောက်...ဟောက်”
“ကို တွတ်ပီ ဘာကောင်အော်သံလည်းဗျ”
“အဲဒါ ချေ ဟောက်သံဗျ ဒီနားလေးတင်ပဲ ကျုပ်အဲဒီကောင်နောက်လိုက် လိုက်အုံးမယ်”
“ ကိုတွတ်ပီ ကျုပ်လည်းလိုက်မယ်ဗျာ”
ကိုကျော်နိုင်နှင့် ကျွန်ုပ်သည် တိုင်ပင်မထားပဲ ပြိုင်တူ ပြောလိုက်လေတော့သည်။ထို့နောက် ကိုတွတ်ပီသည် သူ၏ ဒူးလေးအား ပြန်ယူလေတော့သည်။ ကျွန်ုပ်လည်း လွယ်နေကျ အိတ်လေးအား လွယ်ပြီး Safety Shoe သားရေဖိနပ် လည်ရှည်အား စီးလေသည်။ ထိုနောက် တဲနံရံတွင်ထိုးထားသော
ကိုင်းခုတ် ဓါးနှစ်ချောင်းအား ဆွဲနူတ်ပြီး ကိုကျော်နိုင်အား တစ်ချောင်းကမ်းပေးလိုက်တော့သည်။
“ကိုကျော်နိုင် Safety shoe စီးလေဗျာ”
“ခြေထောက် လေး လို့ မစီးချင်ဘူးကွာ ခြေညှပ်နဲ့ပဲ လိုက်မယ်”
ကိုကျော်နိုင်သည် ဂျင်းဘောင်းဘီရှည် ဝတ်ထားသော်လည်း ခြေညှပ်ဖိနပ်စီးထားသည်။ ကျွန်ုပ် သည် သူ့အား Shoe စီးခိုင်းသော်လည်း ခေါင်းမာသူဖြစ်သောကြောင့် ငြင်းလေသည်။ ကိုတွတ်ပီပြန်အလာ ကိုစောင့်နေခိုက် ချေ၏ဟောက်သံသည် တဖြေးဖြေး တိုးသွားနေတော့သည်။ ကျွန်ုပ်တို့နှင့်ဝေးရာကို
ချေသည် ဦးတည်နေတော့သည်။ ကိုတွတ်ပီပြန်ရောက်လာသော အခါ ကျွန်ုပ်တို့ သုံးယောက်သား သည်မြောင်းကြီးအား ဖြတ်ကျော်ပြီး တောအတွင်းသို့ ဝင်လိုက်ကြတော့သည်။
ကျွန်ုပ်တို့လည်း လက်နှိပ် ဓါတ်မီးများအား အောက်သို့စိုက်ကာ ခပ်ငိုက်ငိုက်ထိုး၍ ချေဟောက်သံ ကြားရာဆီသို့ ကိုတွတ်ပီ ဦးဆောင်သည့်အတိုင်းလိုက်ကြတော့သည်။ အတန်ကြာ သွားပြီးသော်
ကိုတွတ်ပီသည် ကျွန်ုပ်တို့အား ဓါတ်မီးမသုံးရန် ပြောလေတော့သည်။ ကျွန်ုပ်လည်း ဓါတ်မီးအား
ဘေးလွယ်အိတ်ထဲ သို့ထဲကာ အမှောင်ထဲ စမ်းတဝါးဝါး လိုက်ရတော့သည်။ အတန်ငယ်ကြာသော်
မျက်လုံးသည် အမှောင်ထဲ၌ ကျင့်သားရလာပြီး ကောင်းကောင်းမြင်ရ လာတော့သည။်
တခါတရံ၌ ပြောင်ရှင်းနေသော ကွင်းပြင်များအား ဖြတ်သွားရသည်။ တခါတရံ၌ ဝါးရုံတောများ ကြားမှဖြတ်ကာ တောင်ကုန်းပေါ်သို့ တက်သွားရသည်များလည်း ရှိသည်။ ဤသို့တစ်တောဝင် တစ်တောင်တက်ကာ သူများ၏ အသက်အားဇီဝိန်ခြွေရန် မမောမပန်း လိုက်လာရာ တောစပ်လေးတခု၏ မူန်ပြပြလရောင်အောက်၌ မြက်နုလော သစ်ရွက်လော မသိ တခုခုအား အေးဆေးစွာစားနေသော ချေအားတွေ့ရလေသည်။
ကိုတွတ်ပီ လည်း ကျွန်ုပ်တို့အား လက်ထောင်ကာ ထိုင်ရန် အချက်ပြပြီး မြေမူန့်များအား လေတွင်မြှောက်ကာ လေတင်လေအောက် ခွဲခြားလေတော့သည်။ ကံဆိုးသော ချေလေးကား ကျွန်ုပ်တို့၏ လေတင်အရပ်တွင် ရှိနေသောကြောင့် ကျွန်ုပ်တို့သူ့အား ခြောင်းနေသည်ကို မသိရှိပေ။
ကိုတွတ်ပီသည် သူ၏ဒူးလေးအား မြေတွင်စိုက်ကာ ညှို့ကြိုးအား ဆွဲတင်လေသည်။ ချေသည် သဘာဝ
တရားကပေးထားသော အသိဉာဏ်ကြောင့်လောမသိ သူတွင် အန္တရာယ်ကျရောက်နေသည်ကို သိရှိသည့် ဟန်ဖြင့် အစာစားနေ သည်ကိုရပ်လိုက်တော့သည်။ ပတ်ဝန်းကျင်အား မသင်္ကာသည့် ဟန်ဖြင့်ကြည့်
လေတော့သည်။
ကိုတွတ်ပီ သည် ကျွန်ုပ်တို့ ဝပ်နေသည့် ချုံအကွယ်မှ အသာလေးခေါင်းပြုကာ ချေအား ချိန်ကာ
ဒူးလေးခလုတ်အား ဖြုတ်လိုက်တော့သည်။ “ဒေါင်”ခနဲမြည်လိုက် သည်နှင့်တချိန်တည်းဆိုသလို
ချေသည်သူမျက်နှာမူထားသော တောအတွင်းသို့ ခုန်ဝင်လေတော့သည်။ ထိုကြောင့် မြှားတံသည် သူ၏ခါးအားရှပ်ထိကာသွားပြီး တောအတွင်း တဟုန်ထိုး ဝင်တိုးကာ ပျောက်ကွယ်သွားလေတော့သည်။
ကိုတွတ်ပီသည် ထိုချေနောက်သို့ အပြင်းလိုက်လေသည်။ ကျွန်ုပ်တို့လည်း ကိုတွတ်ပီ အနောက်မှလိုက်၍ ထိုချေဝင်သွားသော တောအတွင်း သို့လိုက်ကြရာ ခြေလှမ်းသုံးဆယ်မျှ လှမ်းပြီးသော် လျှိုမြောင်ကြီးတခု ဆီးကြိုကာနေတော့သည်။ ကိုတွတ်ပီလည်း မြေပြင်အား အကဲခတ်ပြီးသော် လျှိုထဲသို့ ဆက်လိုက်ရန် ပြောလေသည်။ လျှိုသည်အနည်းငယ် မတ်စောက်၍ ခြေချော်၍ ပြုတ်မကျ ရလေအောင် အပင်များကို အားပြုကာ ဆင်းရလေသည်။လျှို၏ အနက်သည် ပေငါးဆယ်ခန့် ရှိပေမည်။
အောက်ခြေသို့ရောက်သော် ဆယ်ပေကျော်ကျော်ခန့် ညီညာပြန့်ပြုးသော သဲလမ်းကြီးအား တွေ့ရလေသည်။ ထိုသဲများကား မိုးတွင်းကာလ၌ တောင်ပေါ်မှ ရေများသည် ထိုလျှိုကြီးထဲ သို့ စီးဝင်ကာ ရေတိုက်စားသောကြောင့် တင်ကျန်နေခြင်းဖြစ်လေသည်။
ကိုတွတ်ပီ သည် လက်နှိပ်ဓါတ်မီး ဖြင့် သဲပြင်အားထိုး ကြည့်လေသည်။ကျွန်ုပ်တို့လည်း ထိုသဲပြင်ပေါ်တွင် ချေခြေရာနှင့် သွေးစများအား လက်နှိပ်ဓါတ်မီးရောင်အောက်၌ တွေ့ရာအားတက် လာတော့သည်။ ထိုခြေရာအတိုင်း ဆက်၍ လိုက်သွားရာ တနေရာ၌ ချေသည် လျှိုအောက်ခြေမှ တောင်ကုန်းပေါ်သို့ ပြန်တက်သွားသည်ကို လတ်လတ်ဆတ်ဆတ်ကျိုးနေသော အပင်ငယ်များအား လည်းကောင်း ချေနင်းထားသော ခြေရာအတိုင်း ပဲ့ထွက်လျောကျနေသော သေးငယ်သော မြေဆိုင်ခဲ အကြေများကို ကြည့်ခြင်းဖြင့် သိရတော့သည်။ ကျွန်ုပ်တို့လည်း အပေါ်သို့ လျှိုထဲဆင်းလာစဉ်ကထက် ပို၍ပြေပြစ်သော ဆင်ခြေလျှောအား အပင်များကိုအားပြုကာ တက်ကြလေတော့သည်။
လျှို၏အပေါ်သို့ ရောက်သော် ကိုတွတ်ပီသည် ချေအား ခြေရာခံလေသည်။ ကျွန်ုပ်လည်း ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရာ မျက်နှာချင်းဆိုင်တွင်ကား ညီညာစွာ အစီအရီပေါက်နေသော
ငှက်ပျောရိုင်းတောအားလည်းကောင်း၊ ညာဘက်ခြမ်းတွင်ကား မြင့်မားသော အရိပ်မည်းကြီး အဖြစ်မြင်ရသော တောအုပ်ကြီးအားတွေ့ရလေသည်။ ဘယ်ဘက်နှင့် အနောက်ဘက်ခြမ်းကား ကျွန်ုပ်တို့ တက်လာသည့်ရှည်လျားသော လျှိုမြောင်ကြီးပင်တည်း။ ကိုတွတ်ပီ သည်တောအုပ်ကြီးအတွင်းသို့ ဆက်
လိုက်ရန်ပြောလေသည်။ ကျွန်ုပ်တို့လည်း ဆက်လိုက်ရန် တောအုပ်ဘက်သို့ အနည်းငယ်မှ သွားနေစဉ် အရှေ့ ငှက်ပျောတောဆီမှဆူညံသော “တဝုန်းဝုန်း တဂွမ်းဂွမ်း” အသံမျာကြားရတော့ သည်။ကျွန်ုပ်လည်း လှမ်းကြည့်လိုက်ရာ ကြီးမားသောမည်းမည်း အရိပ်ကြီးသည် ကျွန်ုပ်တို့ထံ တည့်မတ်စွာပြေးလာတော့သည်။
“ကျည်... ”
“ ဟိုက် ..ဆင်ကြီးဟ... ပြေးဟေ့..ပြေးဟ”
“အောင်မလေးဗျ...”
ကျွန်ုပ်တို့သည် သူတစ်ပါးအသက်အား သတ်ရန် ကြံစည်အားထုတ်နေသော်လည်း ကိုယ့်အသက် ဘေး
တွေ့ချိန်၌ ဆောက်တည်ရာမရ ဖြစ်လေတော့သည်။
“ဟေး.. လျှိုထဲဆင်းဟေ့” ကိုတွတ်ပီသည် အော်ပြောလေသည်။
ကျွန်ုပ်လည်း လွတ်မည်ထင်သော လျှိုထဲဆင်းပြေးရတော့သည်။ ကိုကျော်နိုင်လည်း ထပ်ချပ်မကွာ လိုက်လာလေသည်။ကျွန်ုပ်တို့ ဆင်းလိုက်သော နေရာသည် ခြုံငယ်များ အပင်ငယ်များ ခပ်စိတ်စိတ်
ပေါက်နေသောကြောင့် အဟန့်အတားဖြစ်နေတော့သည်။
ကိုတွတ်ပီသည် ဆင်ကြီးအား မြှားခေါ်ရန် တောအုပ်ဘက်သို့ အနည်းငယ်ပြေးပြီးနောက် လျှိုထဲ ခုန်ချလေသည်။ ကိုတွတ်ပီ ခုန်ချသော နေရာနှင့် ကျွန်ုပ်တို့ဆင်းပြေးသောနေရာသည် ပေသုံးဆယ်ခန့် ကွာဝေးလေသည်။ ဆင်ကြီးကား ကိုတွတ်ပီ အနောက်သို့ လိုက်လေတော့သည်။ ဆင်သည် သူ့၏ရှေ့ခြေထောက် နှစ်ချောင်းအား ဒူးတုပ်ကာ လျှိုထဲသို့ လျောချလေသည်။ ကိုတွတ်ပီသည် လျှိုထဲသို့ ခုန်ချပြီး သူ့၏ခန္ဓာကိုယ်အား အရှိန်ထိန်းနိုင်သည်နှင့်ဆင်ခြေလျှောအား ကန့်လန့်ဖြတ်၍ တောအုပ်ဘက်သို့ ပြေးတော့သည်။ ဆင်ကြီးသည် ကိုတွတ်ပီနှင့်ကျွန်ုပ်တို့ ကြားမှ ဆင်ခြေလျှောအတိုင်း ဆင်းသွားလေတော့သည်။
ကျွန်ုပ်လည်း ဆင်ကြီးချောက်ထဲ ဆင်းလိုက်လာသည်ကို မြင်လေရာ တွေ့ရာသစ်ပင်အား
ခြေကုတ်ယူကာ အပေါ်သို့ ပြန်တက်ရတော့သည်။ ကိုကျော်နိုင်ကိုလည်း အပေါ်သို့ပြန်တက် ပြေးရန် အော်ရတော့သည်။
“ ဟေ့လူရပ်...ရပ်”
“အပေါ်ပြန်တက် အပေါ်ပြန်တက်”
ကျွန်ုပ်နှင့် ကိုကျော်နိုင် သည် လျှို၏ အပေါ်သို့ပြန်တက် ပြေးရတော့သည်။ ကိုကျော်နိုင်သည်
ပိန်၍ အရပ်ရှည်သူဖြစ်သောကြောင့် အပေါ်သို့ ပြန်တက်ရာ၌ အလွန်ပင် ပေါ့ပါးစွာ တက်သွားတော့သည်။
ကျွန်ုပ်လည်းအပေါ် သို့ရောက်သည်နှင့် တောအုပ်ဘက်သို့ပြေးရတော့သည်။ ကျွန်ုပ်၏ အရှေ့မှပြေးနေသော ကိုကျော်နိုင်သည် ထော့နဲ့ ထော့နဲ့နှင့် ဖြစ်နေလေသည်။ သူ၏ ညာဘက် ခြေဖဝါးအား ညှောင့်စူးထားလေတော့သည်။ ကျွန်ုပ်လည်းသူ့အား တွဲ၍ ခေါ်ရတော့သည်။ ကိုတွတ်ပီသည် ကျွန်ုပ်တို့အား သူဆီသို့ လာရန်အော်၍ အသံပေးလေသည်။ သူသည် တောအုပ်၏အစပ်၌
ပေါက်နေသော လူသုံးယောက်ဖက်စာမှ ပင်စည်ရှိသော သရက်ပင်ကြီး ၏အပေါ်သို့ ရောက်နေသည်။ ကျွန်ုပ်တို့လည်း ထိုသစ်ပင်ခြေရင်းသို့ ရောက်သည်နှင့် အပေါ်သို့တက်နိုင်ရန် ကြိုးစားအားထုတ် ရတော့သည်။ ထိုသရက်ပင်ကြီးအား ကျပ်လုံးခန့်ရှိသော နွယ်ပင်များက ရစ်ပတ်ကာ ပေါက်နေလေသည်။ ကိုကျော်နိုင်ကား အပင်ပေါ်သို့ မတက်နိုင်တော့ပေ။ လျှိုအတွင်းမှလည်း ကျယ်လောင်သော အသံဖြင့် ဆင်ကြီးမှလည်း ဒေါသတကြီးအော် ဟစ်နေတော့သည်။ ဆင်အော်သံသည် တဖြည်းဖြည်းနှင့် ကျယ်လောင်လာ လေသည်။သေမင်း သည် ကျွန်ုပ်တို့နှင့် နီးကပ်လာလေပြီဟု နားလည်လိုက်တော့သည်။ မောဟိုက်နေသော ကျွန်ုပ်၏ရင်သည် မီးရထား ခုတ်မောင်းနေသကဲ့သို့ တဒုန်းဒုန်းခုန်နေတော့သည်။ ကျွန်ုပ်၏အသက်ရူသံ သည်လည်း ဖားဖိုထိုးသကဲ့သို့ ရူးရူးရှဲရှဲ မြည်နေတော့သည်။
ကျွန်ုပ်လည်း နွယ်ပင်အား ကိုင်ကာ သရက်ပင်အား မျက်နှာမူ၍ ဆောင့်ကြောင့်ထိုင်ပြီး ကိုကျော်နိုင်အား ကျွန်ုပ်၏ ပုခုံးအားနင်း၍ မတ်တပ်ရပ်ခိုင်းရလေသည်။ ကျွန်ုပ်လည်း မတ်တပ်ရပ်ကာ ကိုကျော်နိုင်အား အနီးဆုံး ခွဆုံပေါ်သို့ တက်နိုင်ရန် ကြိုးစားရတော့သည်။ ကိုတွတ်ပီလည်း အပေါ်မှ ဆွဲတင်လေသည်။ သရက်ပင်၏ အောက်ဆုံးအဆင့် ခွဆုံသည် မြေပြင်မှ ဆယ့်နှစ်ပေ ခန့်မြင့်လေသည်။
ကိုကျော်နိုင် ခွဆုံပေါ် ရောက်သွားချိန်၌ ဆင်သည်လည်း လျှိုအပေါ်သို့ ရောက်လာလေတော့သည်။သူ၏
ကျယ်လောင်သော အော်သံနှင့်အတူ လျင်မြန်သော အဟုန်နှင့် ကျွန်ုပ်ထံသို့ ပြေးလာတော့သည်။ ကျွန်ုပ်လည်း နွယ်ပင်များအား တွဲခိုကာ အသက်လု၍ အပင်ပေါ်သို့တက်ရတော့သည်။ ကျွန်ုပ် လည်း ခွဆုံပေါ် ရောက်ချိန်၌ ဆင်ကြီးသည် သရက်ပင် အောက်သို့ ရောက်လာလေတော့သည်။
ဆင်ဆိုသော သတ္တဝါသည် သူ၏ အရပ်ထက်မြင့်သော နေရာ၌ ရှိသော လူသား အားကြောက်ရွံ၍
အန္တရာယ်မပေးဟု ကျွန်ုပ်သည် အဆိုအမိန့်တစ်ခုအား ကြားဘူးလေသည်။ တောထဲတွင် ဆင်လိုက်ခံရသူများသည် သစ်ပင်ပေါ်တက်ပြေးလျင် အသက်အန္တရာယ်မှ ချမ်းသာရာရကြသည်။
ထိုကြောင့်ပင် ကိုတွတ်ပီသည် သစ်ပင်ပေါ်သို့ တက်ပြေးခြင်းဖြစ်လေသည်။ သို့သော် ကျွန်ုပ်တို့ ယခု
ကြုံတွေ့နေရသော ဆင်သည်ကား ဆင်၏ထုံးတမ်းစဉ်လာကို မလိုက်နာသော ဆင်မိုက်တစ်ကောင်လော
သို့တည်းမဟုတ် လူများအားနာကြည်းမုန်းတီးနေသည်လော မသိပေ သစ်ပင်ပေါ်တွင်ရှိသော ကျွန်ုပ်တို့အား ရန်ပြုတိုက်ခိုက်လေတော့သည်။
ဆင်သည် သစ်ပင်ပေါ်တွင်ကျွန်ုပ်တို့ရှိနေသည်ကို ကောင်းစွာသိလေသောကြောင့် သစ်ပင်အောက် ရောက်သည်နှင့် နက်၍စူးရှသော အသံဖြင့်အော် ပြီးနောက် သရက်ပင်ကြီးအား သူ၏ခေါင်းဖြင့် ဝင်ဆောင့်လေတော့သည်။ သရက်ပင်ကြီးကား အလွန်ပင်ကြီးမားသောကြောင့်သာ ဆင်၏ဒဏ်အားခံနိုင်
ခြင်းဖြစ်လေသည်။ ထိုနောက် ဆင်သည် နောက်ပြန်ဆုတ်ကာ အားယူပြီး အရှိန်ဖြင့် ပြေးဆောင့်ပြန်သည်။ နှာမောင်းဖြင့် ပင်စည်အား ရိုက်လေသည်။ ဆင်လည်း သစ်ပင်ပေါ်မှ ကျွန်ုပ်တို့ ပြုတ်မကျနိုင်ကြောင်း သိသောအခါ၌ သူ၏နှာမောင်း အားမြှောက်ကာ ခွဆုံပေါ်မှ ကျွန်ုပ်တို့အား လိုက်စမ်းပြန်သည်။ ဆင်၏အရပ်သည် ကိုးပေနီးပါးခန့်မြင့်လေသည်။ ထိုကြောင့် ကျွန်ုပ်တို့လည်း သူ၏နှာမောင်းအား လွတ်အောင် ရှောင်ရလေတော့သည်။ ကျွန်ုပ်၏ တစ်သက်တာ၌ ဤသို့သော ဘေးအန္တရာယ်အား မကြုံတွေ့ဘူးသောကြောင့် အလွန်ပင်ခြောက်ခြားလေတော့သည်။ ကျွန်ုပ်တို့ကိုင်လာသော ဓါးရှည်များလည်း ဆင်အားစတွေ့ချိန်တွင်ပင် ကြောက်လန့်တကြားပြေးကြသောကြောင့် မည်သည့်နေရာ
တွင် ပစ်ချခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ ကိုတွတ်ပီတွင်လည်း မည်သည့်လက်နက်မှ မကျန်ရှိတော့ပေ။
ဆင်၏နှာမောင်းသည် ကျွန်ုပ်၏ ခြေအနီးသို့ ရောက်လာချိန်၌ ကျွန်ုပ်လည်း ကြောက်လန့်စွာနောက်သို့ ဆုတ်ကာပင်စည်နှင့်ကျောအားကပ်ထားရတော့သည်။ ထိုအခါ
ကျွန်ုပ်၏ ကျောဘက်ဆီမှ ခိုးလို့ခုလုဖြစ်နေသော အရာအား သတိထားမိလေတော့သည်။ ထိုအရာကား ကျွန်ုပ်၏ ဇစ်ပါသော ဘေးလွယ်အိတ်ပင်ဖြစ်တော့သည်။ ထိုအခါမှ ကျွန်ုပ်လည်း အိတ်ထဲထည့်ထားသော အရာများအား အမှတ်ရတော့သည်။ ကျွန်ုပ်လည်း တောလည်စထွက်ချိန်၌ ကိုတွတ်ပီ
တားမြစ်သောကြောင့် အိတ်ထဲထည့်ထားသော လက်နှိပ်ဓါတ်မီးနှင့် ကျွန်ုပ်ဆောင်ထားသော ကိုးမမပစ္စတိုအား ဆွဲထုတ်လိုက်တော့သည်။
ကျွန်ုပ်လည်း လက်နှိပ်ဓါတ်မီးဖြင့် ဆင်၏မျက်နှာအား ထိုးလိုက်သည်။ ဆင်လည်း စူးရှသော
ဓါတ်မီးရောင်အား ကြောင်၍ကြည့်နေစဉ် သူ၏မျက်လုံးနေရာအား ချိန်၍ သုံးချက်ဆက်တိုက် ပစ်ချ လိုက်တော့သည်။ ဆင်သည် နှာမောင်းအား မြောက်ကာ ကျယ်လောင်စွာအော် သည်တွင် သူ၏ အာခံတွင်း ထဲသို့နောက်ထပ် သုံးချက်ပစ်ထည့်လိုက်တော့သည်။ ကျယ်လောင်သော ယမ်းပေါက်ကွဲသံ
လည်း တောအတွင်း မည်ဟိန်းသွားပြီးနောက် ဆင်သည် ငှက်ပျောတောဘက်သို့ ပြေးဝင်ကာ ပျောက်
ကွယ်သွားလေတော့သည်။ ကျွန်ုပ်တို့လည်း ဤသို့အမဲလိုက်ရာ ဖွတ်မရဘဲ ဓါးမ ဆုံးကာ နောက်ကြောင်းပြန်ခဲ့ ရလေတော့သတည်း။ ။
2 comments:
သုတရော ရသရော ပေးတဲ့ ပို့စ်မျိုး ဖတ်ချင်နေတာဗျ။ ဒီပို့စ်လေးကတော့ စိတ်ကြိုက်ပဲဗျိုးး။ တောတွင်း အတွေ့အကြုံတွေကို အေးအေးဆေးဆေး စဉ်းစားပြီး များများရေးပေးပါဗျာ။ အားပေးနေပါတယ်။
တောတွင်း ဆန်းကျယ် ပရနယ် ဖြစ်ရပ်တွေလည်း ရှိရင် ရေးပါအုံး။
Post a Comment