အခန်း(၄)
စက်ပေါ်ရောက်နေသော လူများလည်းကြောက်လန့်သော ဝေခွဲမရသည့် အကြည့်များဖြင့် ဦးဘ ချစ်အား ကြည့်နေကြတော့သည် ။ အနီးအနားမှ လူများလည်း စူးစမ်းလိုသောသဘောဖြင့် ဝိုင်းအုံလာကြ လေသည်။ စက်ပေါ်မှလူများလည်း ကြောက်လန့်နေကြသော်လည်း ဦးဘချစ်အား Cabin ထဲမှထုတ် ကာ မြေကြီးပေါ်သို့ချီချကြလေသည်။ အစောပိုင်းက အမိန့်စာပြန်ခဲ့သော အရာရှိကြီး၏မျက်နှာ သည် လည်း လငပုတ်ဖမ်းထားသကဲ့သို့ ရှိတော့သည်။ မျက်လုံးတွေပြူးပြီး လျှာထွက်ကာ သွားရည်များ လည်း ကျနေသော ဦးဘချစ်အား ဝိုင်းအုံပြီး ကြည့်နေသူများသည် ထင်ကြေး အမျိုးမျိုးပေးကြတော့သည်။
ဝိုင်းကြည့်နေကြသော စက်ယန္တရားအဖွဲ့မှ ဝန်ထမ်းများလည်း ဦးဘချစ်အား စကားမေးရရန် ဝိုင်းဝန်းပြုစုကြလေသည်။ ချွေးစေးများဖြင့် ရွဲနစ်နေသော ဦးဘချစ်အား ချွေးသုတ်ပေးကြလေသည်။ ထိုအခါ ဦးဘချစ်၏ လည်ပင်းတွင် ကန့်လန့်ဖြတ် အနီရောင်အစင်းကြောင်းများကို တွေ့ရလေသည်။ အတန်ငယ်ကြာသော် ကြောင်တောင်တောင်ဖြစ်ကာ စကားမေးမရသော ဦးဘချစ်အား ဝိုင်း၍ပြုစုပေး မူကြောင့် အနည်းငယ်လူပ်ရှားလာလေသည်။ ထို့နောက် ထွက်နေသော လျှာကိုလည်းပြန်သိမ်း နိုင်လာ ပြီး မပီမသသော လေသံဖြင့် စကားလုံးအနည်းငယ်အား ခပ်တိုးတိုး ရေရွတ်နေလေတော့သည်။ ဘေးမှ လူများ ဂရုစိုက်ပြီးနားထောင်သောအခါမှ သူပြောသောစကားလုံးအား သိရတော့သည်။ ဦးဘချစ် နူတ်ဖျား မှ ထွက်လာသည်ကား
“မည်းမည်းကြီး.....မည်းမည်းကြီး”
ဟူ၍ဖြစ်လေသည်။ ဦးဘချစ်လည်း ထိုစကားလုံးကိုသာ ထပ်ကာထပ်ကာ ရေရွတ်နေလေတော့သည်။
လူအုပ်ကြီး၏ ဘေးတွင်ရှိနေသော အရာရှိလည်း ဦးဘချစ်၏စကားသံကြားရသောအခါ သူ၏ဒေါ သလည်း ယမ်းပုံမီးကျတော့သည်။ ဘေးတွင်ဝိုင်းအုံကာကြည့်နေသော ရွာသားများအား အဝေးသို့သွား ရန် မောင်းထုတ်တော့သည်။
“ဟေ့ လူတွေ ခင်ဗျားတို့နဲ့ မဆိုင်တာကို လာရူတ်မနေကြနဲ့ ။
ဒီအဖိုးကြီး လေဖြတ်တာကို ခင်ဗျားတို့ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ခပ်ဝေးဝေးသွားနေကြ။”
ယူနီဖောင်းဝတ်သူ မှန်သမျှအား ကြောက်နေရသော ရွာသားများလည်း အနည်းငယ်သာဘေးသို့ ရှဲသွားကြလေသည်။ အဝေးကိုတော့ ထွက်မသွားကြပေ။ သူတို့၏ နူတ်မှလည်း ဒါလေဖြတ်တာမ ဟုတ်ဘူး နတ်ကိုင်တာဟု အချင်းချင်းပြောနေကြတော့သည်။ အရာရှိလည်း သူ၏ တပည့်များအား ညွှန်ကြား ချက်များပေး လေတော့သည်။ သူ၏ အမိန့်ပေးသံများ ပြီးဆုံးသွားသောအခါ ဝန်ထမ်းများက ဦးဘချစ်အား သူစီးလာသော တောတွင်းလမ်းကြမ်းမောင်းနိုင်သည့် 4WD ပစ်ကပ်ကားပေါ် ပြောင်းတင် ကြသည်။ ယာဉ်မောင်းလည်း ဦးဘချစ်အား ဆေးရုံသို့ပို့ရန်ကားအားမောင်း ထွက်သွားတော့သည်။ ထို့နောက် အရာရှိကြီးသည် ဦးဘချစ်၏စက်ကြီးအား နေရာရွှေ့ရန် ဘေးတွင်ရှိနေသော သူ့၏တပည့် များအား ခိုင်းလေတော့သည်။
စက်ကြီးမောင်း တစ်ယောက်လည်း ဦးဘချစ်၏ စက်အားနေရာရွှေ့ရန် အပေါ်သို့တက်သွားတော့ သည်။ မလှမ်းမကမ်းတွင် ဝိုင်းဝန်းကာကြည့်နေသော ရွာသားများနှင့် ဆည်မြောင်းဝန်ထမ်းများ၏ အကြည့်သည်လည်း ထိုစက်ကြီးဆီသို့သာ စုပြုံနေတော့သည်။ လဲကျနေသော မကျည်းပင်ကြီးအား အပေါ်မှဖိကာရပ်ထားသော စက်ကြီးအားစက်နိုးလိုက်သည်နှင့် လူများလည်း မီးအားရေလောင်းကာ ငြိမ်းလိုက်သကဲ့သို့ ငြိမ်သက်သွားကြတော့သည်။ သူတို့၏စိတ်ထဲတွင် ထိုစက်ကြီးမောင်းသမား ဘာများ ထပ်ဖြစ်အုံးမှာလဲဆိုတာ သိချင်နေကြသည်။ တဒီးဒီးအော်နေသော ဘူဒိုဇာကြီး၏ အင်ဂျင် စက်သံသာ ထိုအနားတဝိုက် ကြားရတော့သည်။ စက်ကြီးမောင်းသမားလည်း မကျည်းပင်၏ ပင်စည် ပေါ်မှ စက်အားရွှေ့ရန်အတွက် သူ၏မြေသယ်သည့် ခွက်အား ပင်စည်ပေါ်သို့ ဖိထောက်ကာ စက်၏ အရှေ့ပိုင်းအား မတင်လိုက်တော့သည်။ ထို့နောက် စက်ကြီး၏ ချိန်ကြိုးများ စတင်လူပ်ရှား လာလေ သည်။ မကျည်းပင်၏အရင်းပိုင်းပင်စည်အား ဖိမိထားသည့်အပေါ်မှ မြေပေါ်သို့ ဖြည်းညင်းစွာလှိမ့် ဆင်းလိုက်သည်။ စက်ကြီး၏ ချိန်းကြိုးများ ပွတ်တိုက်၍ ထွက်လာသော “ ကျိုးကျိုး ကျွတ်ကျွတ်” အသံများကား မကောင်းဆိုးဝါးတစ်ကောင်၏ မကျေနပ်၍ အံကြိတ်သံလား ထင်ရတော့သည်။ စက်ကြီးလည်း ပင်စည်လုံးပေါ်မှ မြေပေါ်သို့ ရောက်သွားသည်နှင့် ကျွတ်...ကျွတ်...ကျွတ်နှင့် အိမ်မြှောင်စုတ်ထိုးသံကဲ့သို့ အသံသည်တိုးညှင်းစွာအပင်ကြီးထံမှ ထွက်လာလေသည်။ စက်သမား လည်း ပင်စည်ပေါ်တွင်ထောက်ထားသော မြေသယ်သည့်ခွက်အား အပေါ်သို့မြှောက်ကာ ဖယ်လိုက် တော့သည်။ ဘူဒိုဇာသည် မကျည်းပင်ကြီးနှင့် လွတ်သွားသည်ဆိုရုံနှင့် အမြစ်များကျွတ်ထွက်ကာ တုံလုံး လဲနေသော မကျည်းပင်သည် ကောင်းစွာကြားရသော ကျိုးကျိုး ကျွတ်ကျွတ်မည်သံများ ထွက်ပေါ်လာ ပြီး တစုံတယောက်က အပင်အားအဖျားမှကိုင်ကာ ဆွဲထောင်နေသကဲ့သို့ အပင်သည် အဖျားဘက် မှ စတင်ကာလေထဲသို့ ကြွတက်လာတော့သည်။
သစ်ကိုင်းအစို၏ ရုန်းကန်တတ်သော သဘာဝကြောင့် ကွေးညွတ်နေသော အပိုင်းအား ဖိနှိပ် ပြီးလွှတ်လိုက်ပါက ရုန်းကန်ပြီးပြန် ကြွတက်လာတတ်သော်လည်း ယခုမကျည်းပင်ကား ကြည့်နေ ရင်းမှပင် တဖြည်းဖြည်းထောင်မတ်လာတော့သည်။ ဝိုင်းဝန်းကာကြည့်နေသော ရွာခံလူများလည်း မောင်းထုတ်စဉ်က အဝေးသို့မသွားကြသော်လည်း သစ်ပင်ကြီးကြွတက်လာသည်နှင့် တိုင်ပင်မထား ကြဘဲ အလျိုလျိုဝေးရာသို့ ထွက်သွားကြတော့သည်။ တစ်ဦးနှစ်ဦးလောက်သာ ဆက်ပြီးကြည့်ရန် ကျန်နေခဲ့တော့သည်။ သစ်ပင်သည်လည်းတဖြည်းဖြည်းကြွတက်လာနေဆဲပင်။ စက်သမားများလည်း အနောက်ကို တဖြည်းဖြည်းဆုတ်သွားကြတော့သည်။ ထိုအခါမှ တစ်စခန်းထလာသည်ကား ဆိုဒ်တာဝန် ခံ အရာရှိပင်တည်း ။
“ ငါဒီအပင်ကို ဒီနေရာမှာ မတွေ့ချင်ဘူး ”ဟုဆိုလာတော့သည်။ သို့သော်လည်း စက်သမားများ အားလုံး ထိုအပင်အား ဆက်ပြီးလှဲရန် ငြင်းဆန်ကြတော့သည်။ ထိုအတွက် ယန္တရားအဖွဲ့၏ အင်ဂျင်နီယာလည်း ထိုစီမံကိန်းတာဝန်ခံအရာရှိကြီးအား ရှင်းလင်းတင်ပြလေတော့သည်။
“ ဆရာအယုံအကြည် မရှိဘူးဆိုရင်လည်း ဆရာစီမံပေးပါ။ ဒီတရက်ထဲတင် ကျွန်တော်လူနှစ်ယောက် နစ်နာပြီးနေပြီ။ ကျွန်တော်အဖွဲ့က နောက်ထပ်ဘယ်သူမှထပ်ပြီး ထိခိုက်မခံနိုင်ဘူး။ ပြီးတော့ ဒီသစ်ပင်ကလည်း ပုံမှန်မဟုတ်တာလည်း ဆရာအမြင်ပဲ ။ လှဲပြီးသားအပင် ပြန်ထောင်လာတာ ဆရာအမြင်ပဲလေ။ကျွန်တော်တော့ ဒီအပင်ဖယ်ရှားတာကို ရပ်ဆိုင်းထား ချင်ပါတယ်”
အရာရှိလည်း သူ၏စကားအား သူ့၏လက်အောက်ငယ်သားများ ငြင်းဆန်သောကြောင့် ဒေါသတွေပိုထွက်လာတော့သည်။ ဖိနှိပ်သူလူတန်းစား၏အတွေးအခေါ်ကို ခေါင်းထဲရိုက်သွင်း ခံထားရသူတို့၏ ထုံးစံအတိုင်း တဘက်သို့ အစွန်းထွက်သော စကားများပြောတော့သည်။
“ ဒါနိုင်ငံတော် စီမံကိန်းကွ အမိန့်ကိုဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာ သိထားကြ။ ငါ့ကို ရေဘူးပေါက်တာ လာမပြောနဲ့ ရေပါလာတာပဲမြင်ချင်တယ်။မင်းတို့ မလုပ်နိုင်ရင် ထုချေလွှာရေးပြီး အလုပ်ထွက်စာပါလာတင်ကြ ဟေ့အားလုံးငါပြောတာနားလည်ထားကြ”
ဟုဆူပူကြိမ်းမောင်းကာ ထိုနေရာမှ ထွက်သွား တော့သည်။ ထိုအရာရှိလှည့်ပြန်သွားသည်နှင့် စက်အဖွဲ့ခေါင်းဆောင်လည်း သူ့လူများအား စက်များကိုစုရပ်တွင် ပြန်လည်ရပ်နားထားရန် အမိန့်ပေး လိုက်ပြီး တနေ့တာအလုပ်ခွင်အား ရပ်ဆိုင်းလိုက်တော့သည်။ လက်ရှိအချိန်ထိ မကျည်းပင်ကား လေထဲတွင် လေးဆယ့်ငါးဒီဂရီခန့် စောင်းကာထောင်နေတော့သည်။ မမြင်နိုင်သော အစွမ်းသတ္တိ များရှိနေသော မကျည်းပင်ကြီးကား အံသြစရာကောင်းစွာ တဖြည်းဖြည်းချင်း တည့်မတ်နေတော့သည်။
ဆေးရုံသို့တင်လိုက်သော ဦးဘချစ်ကား ထိုနေ့ညမှာပင် လောကကြီးအား ကျောခိုင်းသွား တော့သည်။ သူသေဆုံးသွားသော်လည်း သူ၏ဇာတ်လမ်းကား မပြီးသေးပါ။ နောက်ဆက်တွဲ အနေဖြင့် သာယာဝတီမြို့ပေါ်မှ ရဲများသည် ဆည်စီမံကိန်းသို့ရောက်လာပြီး လာရောက်စုံစမ်းလေသည်။ အဘယ် ကြောင့်ဆိုသော် ဦးဘချစ်၏ လည်ပင်းအား တစ်စုံတစ်ယောက်က ညစ်ထားသကဲ့သို့ လက်ရာများ ထင်းထင်းကြီး ထင်ကျန် နေသောကြောင့်ပင်တည်း။ ထိုအခါမှ ရေဘူးပေါက်တာမပြောနဲ့ ရေပါတာပဲ လိုချင်သော ပုဂ္ဂိုလ်ကြီးလည်း သူ့အားလာပြီးအမူပတ်သောကြောင့် မမြင်ရသော ပရလောက သားအား အပြစ်ပုံချပြီး သူ၏ကြုံတွေ့ရသည်များအား ရှင်းပြရတော့သည်။ ဆေးရုံတွင် သစ်ကိုင်းပိ၍ ဆေးကုသခံနေကို ဖိုးအောင်ကလည်း သူမျက်မြင်တွေ့ခဲ့ရသည့် မဲမဲပုံသဏ္ဌာန် နှင့် အရိပ်ကြီးအကြောင်း ပြန်ပြောပြလေသည်။ လာရောက်စုံစမ်းသူများ လည်း ထိုဒေသတွင် တောမီးပမာ ပျံနှံပြီး နာမည်ကြီး နေသော မကျည်းပင်၏ ဇတ်လမ်းအား ရွာခံများအား မေးမြန်းစုံစမ်းပြီး ပြန်သွားကြ တော့သည်။ အဆန်း ကြယ်ဆုံးကား ထိုမကျည်းပင်သည် နောက်တစ်နေ့၌ မူလပုံစံအတိုင်း မြေပေါ်တွင် တည့်မတ်နေ တော့သည်။ မကျည်းပင်တွင် ရှိနေသော မမြင်ရသည့် ပုဂ္ဂိုလ်ကား မင်းတို့ရဲ့ မင်းမိန့်ဆိုတာလောက် တော့  ပျင်းတောင်ပျင်းသေးတယ်ဟု လှောင်နေသကဲ့သို့ ရှိတော့သည်။
အခန်း(၅)
ကျွန်ုပ်တို့လည်းလုပ်ငန်းစတင်ခဲ့သည့် အချိန်က မြောင်းတူးရမည့်နေရာများအား အလံတိုင် များစိုက်ကာ မြေနေရာ သတ်မှတ်ပြီးနောက် အထက်ကဖော်ပြခဲ့သည့် မကျည်းပင်အောက်၌ အနားယူ နေကြလေသည်။ ဆယ်ပေခန့်မြေကြီးများ ဖုံးလွှမ်းထားသော ပင်စည်နှင့် တာဘောင်၏ အလယ်ခန့် တွင် ထီးထီးကြီးရှိနေသော မကျည်းပင်ကြီးသည် အင်ဂျင်နီယာမျက်စိနှင့် ကြည့်ပါက ထော်လော်ကန့် လန့်ဖြစ်နေတော့သည်။ အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန်တွင် ထိုရေလွှတ်မြောင်းအား ပြုပြင် ထိမ်းသိမ်းရာတွင် ထိုတာဘောင်သည် ကားလမ်းအဖြစ်အသုံးပြုရမည့် ပင်မလမ်းမကြီး ဖြစ်သော ကြောင့်ပင်တည်း။ သို့သော်လည်း ကျွန်ုပ်သည် လုပ်ချင်တာလုပ်မည်ဆိုသော အမိန့်အာဏာအား ပြန်ကာအံတုသော ငြိမ်ခံမနေသည့် ထိုမကျည်းပင်ကြီးမှ မမြင်ရသောသူအား သဘောကျလေသည်။ ဘယ်အရာမဆို သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုသော်လည်း တစ်ချို့သော ကိစ္စများသည် ခေါင်းငုံ ခံပါက ခံမှန်းသိ၍ပိုဖိခံရတတ်လေသည်။ ထို့ကြောင့်လည်း အမောက်ထောင်ပြ သော မကျည်းပင် ကြီးအား ကျွန်ုပ်သည် ပြုံးပြီးသဘောကျစွာကြည့်နေလေတော့သည် ။ထို့နောက် ထိုအပင် ပေါ်အား အလွယ်တကူတက်နိုင်ရန် မြေပြင်မှ နှစ်ပေခွဲခန့်တွင် ခြောက်လက္မသံတစ်ချောင်းအား တဝက်ခန့် ရိုက်သွင်းလိုက်၏။ နောက်ထပ်နှစ်ပေခန့်တွင်လည်း နောက်တစ်ချောင်းအားရိုက်သွင်းလိုက်လေတော့၏။
အခန်း(၆)
ထိုရိုက်ထားခဲ့သောသံက ကျွန်ုပ်၏သူငယ်ချင်းအား ဒုက္ခပေးခဲ့ခြင်းပင်ဖြစ်လေသည်။ နိုင်ဝင်းသည် ဆိုဒ်ထဲတွင်အလုပ်ချိန်၌ ပူအိုက်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဘောင်းဘီရှည်နှင့် ရူးဖိနပ်အား မဝတ်ပေ။ ပုဆိုးဝတ်ကာခြေညှပ်ဖိနပ်စီးပြီး အလုပ်ထဲတွင် နေလေသည်။ ထို့ကြောင့်လည်း သစ်ပင်ပေါ်တက်ချိန်တွင် ပုဆိုးသည် ကျွန်ုပ်ရိုက်သွင်းခဲ့သော သံနှင့်ချိတ်မိကာ အောက်သို့ပြုတ်ကျ ခြင်း ဖြစ်နိုင်သည်ဟု ကျွန်ုပ်လည်းတွေးမိသောကြောင့် သူ့အားရှင်းပြရလေသည်။ အားလုံးသော အဖွဲ့သားများလည်း ကျွန်ုပ်ရှင်းပြသည်အား နားထောင်ပြီး ဖြစ်နိုင်ခြေများကြောင်း ထောက်ခံကြ လေသည်။ နိုင်ဝင်း၏ ခြေထောက်သည်ကား ရောင်ကိုင်းလာတော့သည်။ ကျွန်ုပ်တို့အဖွဲ့တွင်လည်း သာမန်အိမ်သုံးဆေးများသာ ရှိသောကြောင့် သူ့၏ခြေထောက်အား ကုသရန်ခက်နေတော့သည်။ ကျွန်ုပ်တို့အားလုံး နိုင်ဝင်းအား အာရုံစိုက်နေသောကြောင့် ကိုမြင့်အေး ရုံးအတွင်းဝင်လာမှပင် သူ့အား နူတ်ဆက်ရတော့သည် ။
“သူကြီး ဘယ်ကလှည့်လာတာလဲဗျ ထိုင်ပါအုံး”
ကျွန်ုပ်လည်း သူ့အားနူတ်ဆက်ပြီး ဧည့်ခံရန်အတွက် ထမင်းချက်အဒေါ်ကြီးအား စီစဉ်ခိုင်းရတော့သည်။
“လမ်းကြုံလို့ ဝင်လာတာပါ ။ခင်ဗျားတို့ဘာဖြစ်နေကြတာလဲ ကျွန်တော်ဘာများကူညီပေးရမလဲ”
သူသည်ရိုးသားပြီး လူမူရေးစိတ်ဓါတ်ကောင်းမွန်သူဖြစ်သောကြောင့် အကူအညီပေးရန်မေးတော့သည်။
ကျွန်ုပ်လည်း အားနာသော်လည်း နိုင်ဝင်းခြေထောက်အခြေအနေအား ပြောပြရတော့သည်။သူသည် ထိုင်နေရာမှ ထလာပြီးနိုင်ဝင်းခြေထောက်အား ကြည့်လေသည်။
“ကဲ မောင်နိုင်ဝင်း မင်းခြေထောက်ချက်ခြင်း ကောင်းသွားစေရမယ် ဒါပေမဲ့ နည်းနည်းတော့အနာခံရမယ်။ မင်းခံနိုင်ရည်ရှိမလား”
သူသည်နိုင်ဝင်း၏ ခြေထောက်အား ကောင်းရန်ကုသနိုင်ပါသည်ဟု ပြောလာလေသည်။ ကာယကံရှင် ကိုယ်တိုင်ကလည်း ခွင့်ပြုသောကြောင့် ကျွန်ုပ်လည်း ကိုမြင့်အေးအား နိုင်ဝင်းအား ကုသပေးရန် ပြောရတော့သည်။ ထိုနောက် ကိုမြင့်အေးသည် နိုင်ဝင်း၏ ခြေထောက်အား ဆတ်ကနဲဆွဲဆန့်လိုက်၏။ “ဗျောက်”ကနဲခြေထောက်ဆီမှ မည်သွားလေသည်။သူ၏ကျွမ်းကျင်သော ပညာအစွမ်းအားပြလိုက်ရာ နိုင်ဝင်းမှာ ချက်ခြင်းထပြီး ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်လာနိုင်တော့သည်။ ကျွန်ုပ်တို့လည်း ဝမ်းသာအားရဖြင့် ကိုမြင့်အေးအား ကျေးဇူးတင်စကားပြောရတော့သည်။
“ကျေးဇူးတင်လိုက်တာ သူကြီးရာ။ နို့မဟုတ် သူ့ကိုရန်ကုန်ပြန်ပို့ရမှာ ဒါနဲ့ ကိုမြင့်အေး ဘယ်သွားမလို့လဲ အကို့ခရီးတော့ဖင့်နေပြီ။ အားနာလိုက်တာဗျာ။”
“ကျွန်တော် ဆေးသွားကုပြီးပြန်လာတာပါ။ အချင်းချင်းတွေပဲဗျာ အားနာဖို့မလိုပါဘူး။”
“ဒါဆိုအတော်ပဲ ဒီမှာထမင်းစားသွားပြီးမှ အေးအေးဆေးဆေးပြန်ပေါ့ ။
ဒါနဲ့စကားမစပ် ဆေးက ဘယ်မှာသွားကု တာလဲ ”
“ဆင်စခန်း မရောက်ခင်လေးမှာ ရိုးရိုးရောဂါတော့ မဟုတ်ပေဘူး ပယောဂပေါ့ဗျာ”
“ဘာဗျ ဘာပြောလိုက်တာလဲ ပယောဂဟုတ်လား ဒီခေတ်ကြီးမှာ ဒါတွေရှိသေးလို့လားဗျာ။”
ကျွန်ုပ်သည် ကိုမြင့်အေး၏ အဖြေအားကြားရာ တအံတသြဖြင့်ပြန်မေးမိလေသည်။ ကိုမြင့်အေးသည် ကျွန်ုပ်အား သနားစရာကောင်းသော သတ္တဝါအား ကြည့်သည့်အကြည့်ဖြင့် ကြည့်ရင်း
“ခေတ်နဲ့မဆိုင်ပါဘူး အကြောင်းတိုက်ဆိုင်သွားရင် ဖြစ်ချင်ဖြစ်တာပဲ”
“နေပါအုံး သူကြီးရာ ပယောဂဆိုတာ ဘာကိုပြောတာလဲ ပြုစားခံရတာကို ပြောတာလား”
ကျွန်ုပ်လည်း သူ့အား မေးခွန်းထုတ်ရတော့သည်။ ဘေးနားတွင်ရှိနေသော ကျွန်ုပ်တို့ အဖွဲ့သားများ လည်း ပယောဂဆိုသည်နှင့် စိတ်ဝင်တစားနားထောင်နေကြတော့သည်။
“လူပြုစားတာတော့ မဟုတ်ဘူး အမှောင့်ပယောဂဝင်ပူးတာဗျာ
ခင်ဗျားတို့နားလည်အောင် ပြောရရင် ဖုတ်ဝင်တာပေါ့ဗျာ။ ”
ကျွန်ုပ်လည်း ဖုတ်ဝင်သည်ဆိုခြင်းအား ကြားဖူးသော်လည်း ကိုယ်တွေ့မကြုံဘူးသေးသောကြောင့် အလွန်စိတ်ဝင်စား သွားပြီး သိချင်သည်များ ဆက်မေးရတော့သည်။
“ဖုတ်ဝင်တာ ဟုတ်လား အခုရော အဲဒီလူနာ နေကောင်းသွားပြီလား”
“မကောင်းသေးပါဘူး လိုအပ်တာတွေ စီစဉ်ပေးခဲ့ပြီးပြီ မနက်ဖြန်တစ်ခေါက်ထပ်သွားကြည့်ရအုံးမှာ”
“ပာာ...ဒါဆိုအတော်ပဲ ကိုမြင့်အေး ကျွန်တော် လိုက်ကြည့်လို့ရ မလားဗျာ”
ကျွန်ုပ်၏ စကားအားကြားရသောအခါ ကိုမြင့်အေးသည် ငြိမ်သွားလေသည်။ အနည်းငယ်စဉ်းစားနေပြီး ကျွန်ုပ်အား အားနာသောကြောင့် မခေါ်ချင်သော်လည်း ခေါင်းညိတ်ရတော့သည်။
“အင်း..ခင်ဗျားတစ်ယောက်ထဲဆို ဖြစ်ပါတယ်ဗျာ။”
ကိုမြင့်အေး ခေါ်မည်ပြောသောကြောင့် ကျွန်ုပ်လည်း ဝမ်းသာသွားတော့သည်။ ဘေးတွင်နားထောင်နေ သော ကိုကျော်နိုင်လည်း သူလည်းလိုက်မည်ဟု ပြောရန်ဟန်ပြင်ပြီးမှ ကိုမြင့်အေးစကားကြောင့် တိတ်ဆိတ် စွာပင် နေလိုက်တော့သည်။ ကျွန်ုပ်လည်း ကိုမြင့်အေးအား ကိုတွတ်ပီထံမှ ရထားသည့် တောဝက်သားဖြင့် ညစာအား ဧည့်ခံလိုက်တော့သည်။
ဆက်ပါအုံးမည်.....
5 comments:
ဖတ်လို့ကောင်းလိုက်တာ
တကယ်ကို စိတ်ဝင်တစားဖတ်လိုက်မိတယ်
ပြီးတော့မှ အောက်မှာက ဆက်ရန်ဖြစ်နေတော့ ဆန့်တငံ့ငံ့ဖြစ်သွားတယ်။
ဆက်ရန်ကို မျှော်နေပါတယ်..
လဲတဲ့ အပင် ပြန်ထောင်တဲ့အထိဆိုတော့ အင်မတန် ထူးဆန်းတယ်ဗျ။ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။
ကြားထဲက စက်မောင်းပေးရသူ သေရတာတော့ စိတ်မကောင်းစရာပဲဗျာ။ အမိန့်အရ သူလည်း လုပ်ရတာ ဆိုတော့ တန်ဆာခံ ဖြစ်ရတာပေါ့။
ကောင်းခန်းရောက်မှ ဖုတ် အဲ ဖုတ်ဝင် တာနဲ့ ထားခဲ့ပြန်ပြီ။ ခေတ်လူငယ်ဖြစ်ပြီး ကျွန်တော်လည်း အဲဒါတွေဆို အင်မတန် စိတ်ဝင်စားတာဗျ။
နောက်တပိုင်းလေးကို မျှော်နေမယ်ဗျာ
ဖတ်ရင်းကြက်သီး ဖျန်းခနဲနေအောင် ထသွားတယ်
ကြေက်ဖို့ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်..
ဆက်ရန်ကိုတော့ အမြန်ရေးပါလို့ တောင်းဆိုပါရစေ။
ကောင်းခန်းရောက်မှမီးပြတ်သွားတယ်ဆိုတာ ဒါမျိုးပေါ့။
အပိုင်း ၁ကိုစိတ်ဝင်စားသွားပြီး အပိုင်း ၂ကိုဆက်ဖတ်လာတာ ဆန့်ငင်ငင်ကြီးပြန်သွားရတယ်
စာရေးကောင်းလိုက်တာ
Post a Comment