01 October 2010

ကျွန်ုပ်နှင့် ထူးဆန်းသော သစ်ပင်

          ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏  မေတ္တာပို့နည်း၌  မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ
သတ္တဝါဟု  ဖေါ်ပြလေသောကြောင့်  မမြင်ရသော်လည်း ရှိသည်ဟု သတ်မှတ်ထားသော နာမ်လောကအားလက်ခံကြလေသည်။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ြကီးသည်  “၃၁ဘုံ” ဟုအတိအလင်းဟောကြားထားသော်လည်း  ကျွန်ုပ်တို့လူးသားများကား တွေးကြည့်သူများ ထက် ပြေးကြည့်သူများသာများလေသောကြောင့် လူဘုံနှင့် တိရစ္ဆာန်ဘုံသာမြင်ရလေသည်။ ထို့အတွက်ကြောင့်လည်းမမြင်ရသော  ပရလောကသားများနှင့် ပတ်သက်သောအကြောင်းကိစ္စများ၌  ငြင်းခုန်ရစမြဲပင်တည်း။ကျွန်ုပ်လည်း ပြေးကြည့်သူများစာရင်းတွင် ပါဝင်သောကြောင့်  ကျွန်ုပ်၏  တစ်သက်တာတွင်   သရဲတစ္ဆေဆိုသည်များအား  မျက်စိဖြင့် မမြင်ဘူးသော်လည်း  မရှိပါဟု   တဖက်သတ် မပြောရဲကြောင်း   ဝန်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တစ်သက်တာတွင် ကြုံခဲ့ရသော တချို့သောထူးဆန်းသည့် အဖြစ်အပျက်များသည် တစ္ဆေသရဲ ဆိုသည်အား မယုံကြည်သောကျွန်ုပ်အား  စိန်ခေါ်လှောင်ပြောင် သရော်နေသကဲ့သို့ရှိတော့သည်။



          ကျွန်ုပ်သည် ကံဇာတ်ဆရာ အလိုကျ ဘဝ၏လှေကားထစ်လေး တစ်ခု၌  ကုမ္ပဏီတစ်ခု
တွင်  လက်ထောက်အင်ဂျင်နီယာ ရာထူးဖြင့် အလုပ်ဝင်ရလေသည်။      ကျွန်ုပ်တို့၏  ဆောက်လုပ်ရေး ကုမ္ပဏီသည် မြောက်ဒဂုံ၌ စီမံကိန်းတခုအား ဆောက်လုပ်ခွင့် ရလေသည်။ တောင်ဥက္ကလာပနှင့် မြောက်ဒဂုံ မြို့နယ်တို့အား ဆက်သွယ်ထားသော ဘေလီတံတား ဘေးတွင်ရှိသော မြေနေရာအား သံထည်ပစ္စည်း ပြောင်းရွေ့ နေရာချထားရေး ဟုဆိုသောစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်လေသည်။

             
          ဆိုဒ်သည်   ငမိုးရိပ်ချောင်း၏ ဘေးတစ်လျောက် မိုင်ဝက်ကျော်ကျော်ခန့် ရှည်လျားလေသည်။ ငမိုးရိပ်ချောင်းသည် ပုံမှန်အားဖြင့် နောက်ကျိနေသော အဝါရောင် ရေများအား  သယ်ဆောင်ကာ တိတ်ဆိတ်စွာ စီးဆင်းနေတတ်သည်။ ရေကျချိန်၌  မတ်စောက်သော ကမ်းပါးရံသည်  ကမ်းပါးနှင့်ချောင်းရေပြင်ကြား၌ ဖြစ်ပေါ်နေတော့သည်။ရေတက်ချိန်များ၌  ငမိုးရိပ်ချောင်းသည်  ကျယ်လောင်သော  တဝေါဝေါ အသံပြုကာ ညီညာသော ပကတိရေပြင်မှ  လေးငါးပေခန့်  မြင့်သော လိုင်းခေါင်းဖြူကြီးဖြင့် ကြောက်စရာ ကောင်းစွာ ဒီရေအတက်ကြမ်းတော့သည်။ ထိုဒီရေတက်ချိန်တွင်  ဘေလီတံတားအောက် ခြေတွင်ရောက်နေသော လှေများ သမ္ဗာန်များအဖို့ အလွန်အန္တရာယ်များ တော့သည်။  တခါတရံ၌ လှေများသည်  အတက်ကြမ်းသောဒီရေကြောင့် တံတား၏တိုင်များနှင့် ဝင်တိုက်ကာ နစ်မြုပ်ကြလေသည်။

             ကျွန်ုပ်သည်    ပူပြင်းသော နေရောင်အောက်၌ ဆာဗေးဝင်နေရသည်။
ဆိုဒ်၏မြေနေရာသည်ကား စနစ်တကျ မြောင်းဘောင်ထိုးကာ စိုက်ပျိုးထားသော သပြေပင်များနှင့်   ပြည့်နေသည်။ ကျွန်ုပ်နှင့်အတူ ဆောက်လုပ်ရေး အလုပ်သမား ငါးယောက် လည်း   အလွန်ပူပြင်းသော ရန်ကုန်မြို့၏    ၃၅ံC မျှရှိသော အပူချိန်အား  အံတုကာ  နေရောင်အောက်၌ ဝမ်းစာရေးအတွက်  အလုပ်လုပ် နေကြရတော့သည်။                စီမံကိန်းမြေနေရာအား  ဒီရေမတက်စေရန်  တာဘောင်တခုအား ဘေလီတံတားအခြေမှ စတင်ကာ နေရာသတ်မှတ်ရလေသည်။  ဤသို့ဖြင့်ရက်အနည်းခန့်ကြာသော် ကျွန်ုပ်တိုင်းတာ၍ စိုက်ထားသော အလံတိုင်များ ကြောင့်မြေကွက်များ  လမ်းများ  တာဘောင်စသည်များ   အကြမ်းထည် ရုပ်လုံးပေါ်လာတော့သည်။

          ကျွန်ုပ်တို့၏ ယာယီရုံးအား  လုပ်ကွက်၏ အလယ်ခေါင်တည့်တည့် ချောင်းကမ်းပါး၏ မလှမ်းမကမ်းခန့်တွင်  ဆောက်လုပ်ထား၏။   ကျွန်ုပ်တို့ ရုံးနှင့်  ပေနှစ်ရာ့ငါးဆယ်ခန့် ကွာဝေး၍ ချောင်းကမ်းပါး၏ ကမ်းနဘူးစပ် ကပ်လျက်တွင် သုံးပေ ပတ်လည်ခန့် အကျယ်ရှိသော နတ်စင်အသေးလေး တစ်ခုရှိလေသည်။    သစ်သားစင်လေးဖြင့် ပြုလုပ်ထားသော  လယ်ပေါ် နတ်ကွန်းလေးသာဖြစ်သည်။ မည်သည့် နတ်အတွက် ဆောက်လုပ်ပေးထား သည်ကို မသိရသော်လည်း ထိုနတ်ကွန်းထဲတွင် စွန့်ပစ်ထားသည်ဟု ထင်ရသော ကျိုးပဲ့နေသည့် နံကရိုင်းမယ်တော်ရုပ်တု တစ်ခုနှင့် ပန်းအိုးအလွတ်လေး တခုသာရှိလေသည်။ နတ်စင်ဘေးကပ်လျက်တွင် ကုက္ကိုပင် အသေးလေးတစ်ပင် လည်းရှိလေသည်။  ကျွန်ုပ်လည်း ထိုနတ်စင် နေရာအား တာဘောင်နေရာအဖြစ်သတ်မှတ်ကာ အလံစိုက်ခိုင်းလေသည်။  ဤတွင် ကျွန်ုပ်၏ ဆာဗေးဝင်နေသော အလုပ်သမားထဲမှ  အသက်ကြီးသူတစ်ယောက်မှ မလုပ်ရန်တားမြစ်လေသည်။ ကျွန်ုပ်လည်း ထိုနေရာသည်  အိမ်ကွက်အတွက် မြေနေရာ မလုံလောက်သည်ကို သိသောကြောင့် ထိုနတ်စင်အား လွတ်အောင် တာဘောင်၏ နယ်နမိတ် အားပြန်ရွှေ့ရတော့သည်။ကျွန်ုပ်လည်း ထိုနတ်စင်၏ ရှေ့အခြေမှ စတင်ကာ မြေကြီးတာဘောင်အား နယ်နမိတ် သတ်မှတ်လိုက်တော့သည်။ ထိုကြောင့် နတ်စင်နှင့် သစ်ပင်သည်  တာဘောင်၏ အပြင်ဘက်သို့ ရောက်သွားလေတော့သည်။
         
            သုံးလတာဆိုသော    အချိန်သည်  ကုန်လွန်ကာ ဖြတ်သန်းပြီးနောက် မြေကြီးလမ်းများ၊
ဆောက်လုပ်နေသော အဆောက်အဦးများဖြင့်  စီမံကိန်းနေရာသည် အသက်ဝင်လာတော့သည်။ ဤ စီမံကိန်းနေရာအား  ရေပေးဝေရေးအတွက် စည်ပင်ရေသန့်ဋ္ဌာနမှ အဖွဲ့တစ်ဖွဲ့လည်း ရောက်လာတော့ သည်။    ထိုအဖွဲ့သည်  နတ်စင်ဘေးကပ်လျက် နေရာ၌  သူ့တို့၏ယာယီရုံးအားဆောက်လုပ်လေသည်။ ရုံး၏ အိမ်သာအား နတ်စင်ဘေးကပ်လျက်၌ရှိသော  ကုက္ကိုပင်အရိပ်အောက်ချောင်းကမ်းစပ်၌ ချောင်းအား ကျောပေးကာဆောက်ထား၏။ 

         ထိုရေသန့်အဖွဲ့သည်  ဆိုဒ်သို့ရောက်ပြီး သုံးရက်မြောက်နေ့  နေ့လယ် နှစ်နာရီခန့်တွင်   ကျွန်ုပ်၏လမ်းခင်းနေသော အလုပ်သမားများသည်  ချောင်းဘက်ဆီသို့ပြေးထွက်ကာ  အော်ဟစ်နေ ကြသည်။ ကျွန်ုပ်လည်း ဘာဖြစ်နေသည်ကို သိချင်သောကြောင့်  တာဘောင်ပေါ်သို့အပြေးတက်ကာ ကြည့်ရတော့ သည်။     ချောင်းအတွင်း ကမ်းစပ်မှ ဆယ်ပေခန့်အကွာ တောင်ဥက္ကလာဘက်သို့ မျက်နှာမူကာ ရေကူးနေသော လူတစ်ယောက်အားတွေ့ရလေသည်။ အမှန်တကယ်မှာ ထိုသူသည်
ရေကူးနေခြင်းမဟုတ်ပေ။ အုန်းသီးရေထဲတွင် ပေါလောပေါ်ကာ မျောနေသကဲ့သို့ ဦးခေါင်း
မျှသာရေပေါ် တွင်ပေါ်၍ မျောနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ရုံးမှ စီမံကိန်းတွင် အလုပ်လုပ်နေသော အဖွဲ့များအားလုံးကို  ချောင်းအတွင်းမဆင်းရန် အမိန့်ထုတ်ထား၏။  အလုပ်သမားများလည်း ထိုသူအားကမ်းပေါ်  ပြန်တက်ရန်အော်ဟစ် နေကြသည်။ ကျွန်ုပ်လည်း ထိုသူသည်အလုပ်ချိန်၌ ဘာကြောင့်ရေဆင်းကူးရသနည်း ။ မည်သည့်အဖွဲ့မှ အလုပ်သမားလဲဟု မြောက်များစွာသောမေးခွန်းများ ကိုယ်ဘာသာပြန်မေးနေသည်။ ကျွန်ုပ်လည်း ဆုံးဖြတ်ချက်တခုချကာ ရုံးသို့ပြေးရတော့သည်။
အဘယ်ကြောင့်ဆိုသော် ရုံး၏ဘေးဘက်သဲကွင်း၌ သဲချရန် ရေတက်ချိန်စောင့်ဆိုင်းနေသော တုံကင်းလှေ တစ်စင်းဆိုက်ထားသည်ကို သတိရသောကြောင့်ဖြစ်သည်။

         ကျွန်ုပ်လည်း လှေသမားများအား  ချောင်းထဲမှလူအား  ဆယ်ရန်အော်ပြောရတော့သည်။ လှေသမားများလည်း  ကျွန်ုပ်မပြောခင်ကပင်  ထိုသူအားချောင်းထဲမှဆယ်ရန် ပြင်ဆင်ပြီးဖြစ်သောကြောင့်  ကျွန်ုပ်လှမ်းပြောချိန်တွင် လှေသည်ကမ်းမှခွာနေပြီ ဖြစ်သည်။ ရေထဲမျောနေသူလည်း ချောင်းအလယ်သို့ ရောက်နေလေပြီ။  လှေသည် ထိုသူနှင့် ပေနှစ်ဆယ်မျှ ဝေးသောနေရာသို့ ရောက်ချိန်တွင် ဒီရေ တက်လာသည့်  အသံအားကြားရတော့သည်။  ဘေလီတံတားအခြေဘက်မှ  အော်၍ မြှင့်တက်လာနေ သည်ကိုတွေ့ရလေသည်။ ကမ်းပေါ်မှ အလုပ်သမားများလည်း အော်ဟစ်ကြတော့သည်။  ရေပြင်ညီ ရေမျက်နှာပြင်မှ ခုံးထနေသော  လိုင်းတွန့်ကြီးနှင့် တက်လာသော ဒီရေသည် စက္ကန့်ပိုင်း အတွင်းပင် ချောင်းအားကန့်လန့်ဖြတ်နေသော လှေအား  အရှိန်ဖြင့်ပြေးဝင်စောင့် တော့သည်။  လှေလည်းဦးလည်ကာ ရေစီးအတိုင်းမျောပါတော့သည်။    ရေထဲမှ ပုဂ္ဂိုလ်ကိုလည်း လိုင်းလုံးမှ ဖုံးအုပ်ကာ ဝါးမြိုသွားတော့သည်။ ကျွန်ုပ်တို့လည်း ထိုသူပြန်ပေါ်လာနိုးစောင့်ကြည့်သော်လည်း  အစအနပင် မမြင်ရတော့ပေ။  ကျွန်ုပ်တို့ မြောက်များစွာသော လူများမျက်စေ့အောက်တွင်  လူတစ်ယောက်   ဘဝဇာတ်သိမ်းသွားတော့သည်။ အားလုံးသောကြည့်နေ သူများလည်း စိတ်မကောင်းကြီးစွာ ဖြစ်နေကြတော့သည်။

           ထို့နောက်တွင်  ကျွန်ုပ်တို့ရုံးအဖွဲ့သားများ အလုပ်ရူပ်ကြရတော့သည်။ ကျွန်ုပ်သည် ရေနစ်သူ   မည်သူ  ဖြစ်ကြောင်းကိုစုံစမ်းရန် ထိုသူအား မည်သူစတွေ့ တာလဲဟု  တာဘောင်ဖို့နေသော အလုပ်သမား များအား မေးရတော့သည်။  ထိုအခါမှ အလုပ်သမားတစ်ယောက်က  စစ်အင်္ကျီ ဝတ်ထားသူတစ်ယောက် နတ်စင်ဘေး ကမ်းပါးစောင်းမှ ရေထဲသို့ ဆင်းသွားသည် ကို သူတို့တာဘောင်မြေဖို့ရင်း တွေ့ကြောင်း သို့သော် မည်သူဖြစ်သည်ကို သူတို့အဖွဲ့လည်းမသိကြောင်း ပြောလေသည်။ ကျွန်ုပ်တို့  ရုံးအဖွဲ့လည်းထိုသူ ဆင်းသွားသည်ဆို သော  နတ်စင်ဘေးအား သွားကြည့်ရာ  မြင်းကြယ် တံဆိပ်  ရာဘာဖိနပ် တစ်ရံအား  တွေ့ရလေသည်။ ကျွန်ုပ်တို့လည်း ရာဘာဖိနပ်အား ကြည့်ရုံနှင့် မည်သူ မည်ဝါ ဆိုသည်ကို မည်သို့ သိနိုင်အံ့နည်း။ ထိုကြောင့် ကျွန်ုပ်လည်း အနီးဆုံးနေရာတွင် ရေသန့်အဖွဲ့ သာရှိသောကြောင့်  သူတို့၏ ဆောက်လုပ်ဆဲရုံးဆီသို့  ခြေလှမ်း ဦးတည်လိုက်တော့သည်။

            ရေသန့်ရုံးကား  တိတ်ဆိတ်စွာ  ငြိမ်သက်နေ၏။ ရုံးတွင် လူရိပ်လူရောင် မတွေ့ရသောကြောင့်ကျွန်ုပ်တို့လည်း စေ့ထားသော တံခါးအား  ဖွင့်ကာအထဲသို့ကြည့်လိုက်ရာ  ဝင်ပေါက်နားတွင်  ကြမ်းပြင်ပေါ်၌ အိပ်နေသော အလုပ်သမားနှစ်ယောက်အား တွေ့ရ၏။ ထိုသူတို့နှင့် မလှမ်းမကမ်း၌  တနှစ်ခန့် ကလေးငယ်နှင့်အတူ အိပ်နေသော မိန်းမတစ်ယောက်အား တွေ့ရလေသည်။ကျွန်ုပ်တို့လည်းထို  အိပ်နေသော အလုပ်သမား နှစ်ယောက်အား နိုးလိုက်ကြလေသည်။ ထိုသူနှစ်ယောက်မှာ ထိုယာယီရုံးအား ဆောက်နေသော လက်သမားများဖြစ်သည်။ ထိုနှစ်ယောက် ထဲမှ တစ်ယောက် လည်း အိပ်ပျော်နေသော မိန်းမအား သွားနိုးလေသည်။ ကျွန်ုပ်တို့လည်း ရေနစ်သူအကြောင်းအား ပြောပြရာ ဘေးတွင်ထိုင်၍ နားထောင်နေသော မိန်းမသည် မေ့လဲလေတော့သည်။

         မေ့လဲသော မိန်းမအား သတိပြန်ရအောင် ဝိုင်းဝန်းပြုစုပြီးနောက် ထိုမိန်းမသည် ကျွန်ုပ်တို့အား အကြောင်းစုံပြောပြလေတော့သည်။ ကျွန်ုပ်တို့အဖွဲ့လည်း အံ့သြခြင်း များစွာဖြစ်ရတော့သည်။ သေဆုံးသူသည် သူမ၏ ခင်ပွန်းပင်တည်း။ ထိုသူသည် ရုံးဆောက်နေသော  လက်သမားအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်၏။ ထိုသူသည် စရောက်သည့်နေ့မှာပင် အိမ်သာအား အပြီးဆောက်လေသည်။ ထိုည၌ သူတို့လင်မယားသည်  အိမ်မက်တခုတည်းအား နှစ်ဦးလုံးမက်ကြလေသည်။

          အိမ်မက်ထဲတွင် လူတစ်ယောက်သည်  သူနေသော နေရာတွင်  အိမ်သာဆောက်ထားသည်ကို မကြေနပ်ကြောင်း  အိမ်သာအားနေရာရွှေ့ပေးရန်  လာပြောလေသည်။   သို့သော်သူမ၏ ခင်ပွန်းလည်း အိမ်မက်အား အမူမဲ့  သာထားကြောင်း ပြောလေသည်။  ယနေ့လည်း ၁၂ နာရီ ထမင်းစား နားချိန်တွင် နေ့လယ်စာစားပြီးနောက်  တစ်ရေးအိပ်ကြရာ ကျွန်ုပ်တို့ လူတစ်စု လာရောက်၍နိုးမှသာ နိုးကြကြောင်း ပြောလေသည်။ ထိုကြောင့် သေဆုံးသူရေနစ်ချိန်တွင်  သူတို့အားလုံး အိပ်မောကျနေ၍ မသိလိုက်ကြပေ။
ကျွန်ုပ်တို့အဖွဲ့လည်း  စိတ်မကောင်းခြင်း ၊ အံ့သြခြင်းများဖြင့် ရုံးသို့ပြန်လာကြတော့သည်။  ထို့နောက်  ကျွန်ုပ်နှင့်  ကျွန်ုပ်၏ အထက်အရာရှိတိုင်ပင်ကာ ထို ကုက္ကိုပင်အား  ခုတ်လှဲကာ ထင်းအဖြစ် ခွဲစိတ်၍ မီးစိုက်လိုက်ကြတော့သည်။

  စာကြွင်း။     ။ ၁၉၉၇ တွင် ကျွန်ုပ်၏ ကိုယ်တွေ့ အမှန်တကယ်ဖြစ်ပွားခဲ့သော  ကြေကွဲဖွယ်ဖြစ်ရပ်ဆန်းပါ။    ထို့ကြောင့် အမည်နာမများ မဖော်ပြထားခြင်းဖြစ်ပါသည်။      
             


             

         

4 comments:

မြစ်ကျိုးအင်း said...

ဒါမျိုးအဖြစ်တွေ တော်တော်များတယ်ဗျ။
တိုက်တိုက်ဆိုင်ဆိုင် ကျနော် အခုရေးပြီးသွားတာလဲ အဲဒီလို အကြောင်းမျိုးပဲ။
နယ်လွန်ဖြစ်ရပ်တွေကို ကျနော်တော့ စိတ်ဝင်စားတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာမြစ်က ဒီဘလော့လေးကောင်းတယ်ဆိုလို့ စာလာဖတ်တာပါ
ညွှန်းတဲ့အတိုင်း ရေးထားတာလေးတွေက စိတ်ဝင်စားဖို့ကောင်းသလို စာအရေးအသားလဲ ကောင်းပါတယ်..
နောက်လဲ လာဖတ်ပါဦးမယ်..
များများ ရေးနိုင်ပါစေရှင်။

Shwe Thiri Khit said...

စိတ်ဝင်စားစရာကောင်းလိုက်တာ.. ဒါမျိုးများများရေးပါရှင်

ခင်မင်စွာ
ရွှေသီရိခေတ်

Shwe Thiri Khit said...

မြန်မြန်ဆက်ရေးပါဗျို့ ....