“ ပဲ...ပြုပ်...”
အလွန်ကျယ်လောင်သော ပဲပြုပ်သည်၏ အော်သံကြောင့် မနက်ခင်းတခုတွင် ကျွန်တော်သည် အိပ်မောကျ နေရာမှ လန့် နိုးခဲ့ လေသည်။
ကျွန်တော်သည် အိပ်ချင်သော စိတ် ၊ မူလဓါတ်ခံ ပျင်းရိသော စိတ်ကြောင့်  ပြန်၍ အိပ်မည်ဟု ဆုံးဖြတ်ကာ ပြန်အိပ်ရန် ကြိုးစားလေတော့ သည်။ ကျွန်တော် နေထိုင်သော အရပ်သည်ကား
အခြေခံ လူတန်းစား ရပ်ကွက်တခု ဖြစ်သောကြောင့်  လူနေအိမ်များသည် ပူးကပ်နေကြသည်။
လမ်းများသည်လည်း အလွန်မှ ကျဉ်းမြောင်းလျသည်။
သမုဒ္ဒရာဝမ်းတထွာ အတွက် လူပ်ရှားသွားလာနေသော လူသံ၊ ကားသံများ သည် ပြန်အိပ်ရန်ကြိုးစားနေသော ကျွန်တော်အားနှောက်ယှက်လေတော့ သည်။
ထိုစဉ် ခေါင်းရင်းဘက်အိမ်မှ ဦးပု၏ ကျယ်လောင်လျသော ဘုရားရှိခိုးသံသည် ကျွန်တော်၏ အကြားအာရုံကို လာရိုက်ခတ်လေတော့ သည်။ ကျွန်တော်လည်း သူ၏ ဘုရားရှိခိုးနေသော စာသားများအား စိတ်ထဲမှ
သံယောင်လိုက်ကာ လိုက်ဆိုနေတော့သည်။ ထို့ နောက်သူသည် မေတ္တာပို့ လေ တော့ သည်။
“အရှေ့ အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါ တို့  ဘေးရန်ခပ်သိမ်း ငြိမ်းကျ ပါစေ..
.................... ............ အောက်အရပ်၌ ရှိသော အနန္တ ဟေ့  ..မသန်းရွှေ ဒီကို ခဏလာစမ်းဟေ့ ”
ဦးပုသည် ဘုရားရှိခိုး နေရင်းမှ သူ့ ၏ ဇနီးအား လှမ်းခေါ်လေသည်။
“ဘာတုန်းတော် ဒီမှာ ထမင်းအိုး တည်နေတာ ”
ဟုဒေါ်သန်းရွှေ ပြန်ထူးလေသည်။ တဆက်တည်းဆိုသလို ပင် ဦးပုမှ
“ နင့် ထမင်းအသာထား ဖယောင်းတိုင် နဲ့ မီးခြစ် အမြန်ယူလာစမ်း” ဟုအမိန့် ပေးလေတော့ သည်။
ကျွန်တော် လည်းဦးပု ဘုရားရှိခိုး မေတ္တာပို့ နေရင်း တန်းလန်းမှ ဘာများဖြစ်တာလည်း ဟု သိချင်သော ကြောင့်  သူတို့ ပြောနေသည် များအား နားစွင့်နေလိုက်သည်။
“လာပါပြီတော် ..လာပါပြီ ရှင်ဘာလုပ်မလို့ တုန်းကိုပု ဘုရားမီးပူဇော်ဖို့ ဆို ကျုပ်လုပ်လိုက်မယ်လေ”
“ဒီမိန်းမ စကားတယ်ရှည်တာကိုး ဘုရားမီးထွန်းဖို့  မဟုတ်ဘူး ကြမ်းပိုးကိုက်လို့ ဟ”
ထို့ နောက် အသံ များတဒင်္ဂ တိတ်သွားလေတော့ သည်။ ဦးပုသည် ကြမ်းကြားမှ ကြမ်းပိုး များအား ဖယောင်းရည်ပူများ အစက်ချ၍ သတ်လေတော့ သည်။
“ကဲ မှတ်ပြီလား ...ငါ့ ကိုက်တဲ့ ကောင်တွေ..
အင်း ဘုရားရှိခိုးတောင် ဘယ်ရောက်သွားလဲ မသိတော့ ဘူး”
ဟု ဦးပု၏ ညည်းသံအားကြားရလေသည်။
ကျွန်တော်လည်း အိပ်ရာမှထပြီး တွေဝေစွာ မှတ်ချက်တခု ချမိတော့ သည်။
“အနန္တသတ္တဝါ မှာ ကြမ်းပိုးမပါဘူးလား မသိဘူး”
1 comment:
ကိုယ့်အသားထိတော့ မေတ္တာလည်း စကားလုံး သက်သက် ဖြစ်သွားရတော့တယ်။
Post a Comment